မိုးမိတ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအ၀င် ပြည်သူ ၃ ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအ၀င် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် အချိန် မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မထက်မြတ်နိုး ၊ အသက် ၂၃ နှစ် မမေဇင်ထက် နှင့် အသက် ၃၀ နှစ် ကိုဇော်မင်းလွန် သေဆုံးခဲ့ပြီး မရွှေသန့်ဝေ ၊ ကိုပြည့်စိုင် ၊ ဒေါ်သိန်သိန်ညို ၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်နှင့် ဒေါ်နွယ် အပါအဝင် စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၅)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက် ၁၂ နာရီ ၁၅ နာရီမှ နံနက် ၁ နာရီ ၃၀ မိနစ် အချိန်ထိ စစ်ကောင်စီတပ်က Y-12 လေ ယာဉ် ဖြင့် နောင်ချိုမြိုနယ် ရွှေမုဠောကျေးရွာကို ဗုံး ၅ လုံးနှင့် တောင်ရှည်ကျေးရွာကို ဗုံး ၂၇လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၂ရက်နေ့အထိ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအ၀င် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရကြောင်း၊ ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် (၁၁)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။


