မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ရှိ ကလန်း မဲရူးဈေးကြီးကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ရှိ ကလန်း မဲရူးဈေးကြီးကို မလေးရှား အာဏာပိုင်များက ဝင်ရောက် စီးနင်းစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မလေးရှား အာဏာပိုင်များ က ကလန်းမဲရူးဈေးကြီးကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး အော်ပရာစီ အဖမ်းအဆီးတွင် အထောက်အထား မပြည့်စုံသူ ၆၃၀ ဦး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနှင့် မြန်မာ ၅၃၀ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကလန်း မဲရူးဈေးကြီးတွင် အထောက်အထားမရှိသော မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ၅၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရသူ စုစုပေါင်း ၆၂၈ ဦးတွင် အသက် ၁၇ နှစ်မှ ၅၇ နှစ် အကြား အမျိုးသားနှင့် အမျိုးသမီး များ ပါဝင်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူးချုပ် Jafri Embok Taha ၏ ပြောကြားချက်ကို Malaysia Gazette တွင် ရေးသား ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများကို မလေးရှား လဝက ဥပဒေနှင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကို ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှား သတင်းဌာနများက ရေးသားထားပြီး မလေးရှား အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်း ကလန်း၊ ပူးချွန်၊ ကေအယ်၊ ရှားလန်း၊ ပီးနန်း စသော နေရာများကို ရုတ်တရက် စီးနင်းမှုများ လုပ်ဆောင်နေသောကြောင့် အသွားအလာများ ဆင်ခြင်ကြရန်လိုကြောင်း ရခိုင်အဖွဲ့အစည်းတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောဆိုသည်။
မလေးရှားနိုင်ံတွင် ယခုရက်ပိုင်းအတွင်း နိုင်ငံခြားသားများနေထိုင်သော နေရာများကို ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းနှင့် စက်ရုံများ၊ အလုပ်ရုံများအပါအဝင် နိုင်ငံခြားသား အများအပြားနေထိုင်သည့် နေရာများကို မလေးရှား အာဏာပိုင်းများက ဖမ်းဆီးနေကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၆ နာရီခန့်ကလည်း ထိုင်း-မလေးရှား နယ်စပ် တစ်နေရာတွင် မလေးရှားနိုင်ငံကို ဝင်ရောက်လာသော ကလေးတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၉ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် ကလေးတစ်ဦး အပါအဝင် အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၁၅ ဦးတို့ ပါဝင်ပြီး ၎င်းတို့အားလုံးကို မလေးရှား လဝက ဥပဒေနှင့် အရေးယူထားပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


