33 C
Yangon

အိုးဘိုထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဆေးကုသခွင့်မရဘဲ သေဆုံး

Must read

အိုးဘိုထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဆေးကုသခွင့်မရဘဲ သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းမှာ အနာများပေါက်၍ ပိုးဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့ဘဲ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုဘိုးထောင်တွင် ကိုအောင်ထွန်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ထွန်း သည် စတင်ဖမ်းဆီခံရစဉ်က ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပြီး မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း၊ အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိချိန်မှ ခန္ဓာကိုယ်တွင် အနာများပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံတွင်လည်း တက်‌ရောက်ဆေးကုသမှုခံနေစဉ်တွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း၏ ရုပ်အလောင်း(Dead Body )ကို မိသားစုထံသို့ ပြန်မပေးကြောင်း သိရှိရသည်။

“အိုးဘို အကျဉ်းထောင်ဟာ ဖေဖော်ဝါရီလ ၁ လတည်းမှာတင် အနည်းဆုံး အကျဉ်းသား အကျဉ်းသူ ၂ ဦး သေဆုံးခဲ့တယ်။ ရှေ့ဖြစ်စဉ်မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ သေဆုံးမှုကို အကျဉ်းဦးစီးဌာနကရော စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းဌာနတွေကရော မသေဆုံးဘူးဆိုပြီး လိမ်လည်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ် ပေါ်နေပါတယ်။ လက်ရှိအခြေအနေက ဘယ်လောက်အထိဆိုးဝါးလာနေလဲဆိုရင် ထောင်တွင်းသေဆုံးမှုတွေကို သတင်းအမှောင်ချဖို့ ကြိုးစားလာသလို ထောင်တွင်း ဖိနှိပ်မှုတွေကို ထောင်ပြင်ပကို မထွက်ဖို့ ထောင်အာဏာပိုင်တွေက သတင်းပိတ် ဆို့မှုတွေ ပိုပြီးမှ များလာတယ်။ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်ပြောဆိုမှုတွေ ပိုပြီး လုပ်ဆောင်လာတာကို ထောင်အာဏာပိုင်ရဲ့ နီးစပ်ရာအရင်းအမြစ်တွေကနေ အတည်ပြုထားနိုင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးက ၂၀၂၂ ခုနှစ် စက်တင်လ ၆ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရကာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article