အရာတော်တွင် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း ပျူစောထီးရွာ စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သား ၂ ဦးကို အရာတော်ဆေးရုံသို့ ပို့ဆောင်ထာပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အရာတော် လေ့ကျင့်ရေး ၁၀ တပ်ဘက်မှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုင်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဗုံးသီး ၂၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာပါ။ Fixed wing drone ၂ စီးပျက်စီးဆုံးရှုံးတယ်။ ပျူစောထီး ၂ ကောင် အရာတော် ဆေးရုံအရေးပေါ် ရောက်နေတယ်” ဟု Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်းဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၁)၊ SSTF/ ဗျူဟာ(၄၄) တပ်ရင်း (၁၄၊၁၅)၊ KLG/ ဗျူဟာ(၄၂) ဗျူဟာ(၄၅) ဗျုဟာ(၄၇) ၊ Red Wing တပ်ရင်း(၃၅)တပ်ခွဲ(၃) ၊ Brave Heart Army (Local) Chindwin Dynamite (Local) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
