29 C
Yangon

စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ

Must read

စစ်ကောင်စီက PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် OWIC ကတ် ထုတ်ပေးမှု ၁၈ ရက်ကြာ ဆက်လက်ရပ်နား ထားသဖြင့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ

ရန်ကုန်၊ မတ် ၄

စစ်ကောင်စီက အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ရန် အဓိကကျသည့် ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC-Oversea Workers Identity Card) ထုတ်ပေးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ထုတ်ပေးမှုများကို အကြောင်းပြချက်မရှိဘဲ ရပ်ဆိုင်းခဲ့ရာ ပြည်ပသို့ ထွက်ခွာမည့် အလုပ်သမား ခုနစ်သောင်း နီးပါး မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို အလုပ် သမားဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများအားလုံးကို ပြန်လည် သုံးသပ်ရန်ဟုဆိုကာ အလုပ်သမားဝန်ကြီးဌာနက ယာယီရပ်ဆိုင်းခဲ့ကြောင်း၊ ယင်းနောက် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်နေသည်ဟုဆိုကာ OWIC ကတ်ထုတ်ပေးမှုများကို အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” OWIC ကတ်ကို လုံး၀ကို ထုတ်မပေးတော့တာ။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ စည်းကမ်းသစ်တွေ ကြေညာမယ် သတင်းထွက်လာလိုက်၊ မတ်လ ၃ ရက်နေ့ ဝန်ကြီးဌာန အမိန့်သစ်တွေ ထွက်မယ်ပြောလိုက်နဲ့ လက်တွေ့တော့ ဘာမှ ဖြစ်မလာဘူး။ တချို့ Skill Worker စေလွှတ်နေတဲ့ ဂျပန်သွားမယ့် အေဂျင်စီတချို့ကိုတော့ OWIC လုပ်ခွင့် ဆယ်ဂဏန်းလောက်ချပေးတာရှိတယ်။ အဲဒါကလည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အီးမေးလ်ပို့ပြီး အကန့်အသတ်နဲ့ပေးလုပ်တာ။ အခြေခံအလုပ်သမားတွေအားလုံးကို OWIC ကတ် ထုတ်မပေးတော့ အခု ပြည်တွင်မှာ ပိတ်မိနေတာ ကျနော်တို့သိသလောက်စာရင်းအရဆိုရင်တောင် ပြည်ပထွက်မယ့် အလုပ်သမား ခုနစ်သောင်း နီးပါးရှိနေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက လက်ရှိ နိုင်ငံ၏ အခြေအနေအရ ပြည်ပသို့ အလုပ်သမားများ သွားရောက်မှုမှာ အရေအတွက်အားဖြင့် အလွန်များပြားနေပြီး ပြည်ပထွက်ခွာသည့် လုပ်ငန်းစဉ်မှာလည်း အလွန်မြန်ဆန်နေကြောင်း၊ ထို့ကြောင့် ပြည်ပထွက်မည့် အလုပ်သမားအရေအတွက် လျှော့ချပြီး လုပ်ငန်းစဉ်များကို ပိုမိုစိစစ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။

“စစ်မှုထမ်းနဲ့ နိုင်ငံရေးအခြေအနေက အဓိကကျတယ်ဆိုတာမျိုး ဝန်ကြီးသစ်က ပြောသွားခဲ့တာ။ အေဂျင်စီတွေကိုလည်း ဒီထက်ပိုစိစစ်မယ်ဆိုတာမျိုးပါ ထုတ်ပြောခဲ့တယ်။ အခုက အေဂျင်စီ ၆၀၀ ကျော်လောက်က စည်း ကမ်း မလိုက်နာဘူးဆိုတာမျိုးလည်းပြောသွားတော့ PJ သမားတွေ ပြည်ပထွက်ခွာခွင့်က လွယ်လွယ်နဲ့တော့ ပြန်မပေးတော့ဘူးလို့ သုံးသပ်လို့ရပါတယ်” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တစ်ဦးက ဆိုသည်။

PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့် လတ်တလော ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်ရရှိရန် စောင့်ဆိုင်းနေသည့် ခွင့်ပြန်များ၊ ပြည်ပသွားရောက်ကြမည့် အလုပ်သမားများမှာ အေဂျင်စီဝန်ဆောင်ခ၊ လေယာဉ်လက်မှတ်များ သိန်းပေါင်းများစွာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြပြီး အလုပ်သမားဝန်ကြီးဌာနဘက်သို့ မေးမြန်းစုံစမ်းကြသော်လည်း အဖြေတစ်စုံတစ်ရာ ရရှိခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်တွင် လုံခြုံရေး စောင့်ကြပ်နေသည့် အကြမ်းဖက် ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article