ကန့်ဘလူနှင့် ရေစကြိုတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁ ဦး လက်နက် ၄ လက် သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KBL ပြည်သူကာကွယ်ရေး တပ်မတော် တပ်ရင်း ၃ က ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စပါယ်နံ့သာရွာ အနောက်ဘက်ရှိ ၂ မိုင်ပေါက်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ စစ်ကြောင်းကို စစ်ကြောင်း ၃ နှင့် တပ်ရင်း ၃ မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၁ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ထံမှ သိရသည်။
မတ်လ ၅ ရက်နေ့ ရေစကြိုမြို့နယ် ဇရပ်နီရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တောလှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား ၄ ဦး၏ မသာအလောင်းများကို စစ်ကောင်စီ တပ်သားများက ပြန်လည်ဆွဲယူသွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
