25 C
Yangon

ရခိုင်ပြည်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွား ရေးသမားများ၏ ဟိုတယ်၊ မိုတယ်၊ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို AA က ချိတ်ပိတ်၊ စစ်တပ်၏ ခရိုနီ ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများလည်း ပါသွား

Must read

ရခိုင်ပြည်တွင် စစ်တပ်နှင့်ဆက်နွယ်သော စီးပွား ရေးသမားများ၏ ဟိုတယ်၊ မိုတယ်၊ လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို AA က ချိတ်ပိတ်၊ စစ်တပ်၏ ခရိုနီ ဦးကျောက်တောင်၏ ပိုင်ဆိုင်မှုများလည်း ပါသွား

🟥 သံတွဲမြို့၊ငပလီကမ်းခြေရှိ ဟိုတယ်များနှင့်အိမ်ရာစီမံကိန်းများ AA လက် အောက် သို့ ကျရောက်မှု စစ်ကောင်စီနှင့်ခရိုနီသူဌေးများအတွက် အထိနာဆုံး

ရန်ကုန်၊ မတ် ၁၁

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် မြို့နယ်များအတွင်းရှိ စစ်တပ်နှင့်ဆက်သွယ်နေသော ဟိုတယ်များ၊ မိုတယ်များ၊ လုပ်ငန်းများ၊ နေအိမ်များနှင့် စစ်တပ်ဘက်တော်သား စီးပွားရေးသမားများ၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအားလုံးကို AA က ချိပ်ပိတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်က စီးပွားရေးလုပ်ငန်းရှင် ဦးကျောက်တောင်အပါအဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ကူးလူးဆက်သွယ် ပေါင်းသင်းနေသော ရခိုင်စီးပွားရေးလုပ်ငန်းရှင်များကို AA က အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ဦးကျောက်တောင်ကိုယ်တိုင်ကလည်း ၎င်း၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံထားရကြောင်း ဧရာ၀တီသတင်းဌာနနှင့် အင်တာဗျူးတွင် ဝန်ခံထားသည်။

ဦးကျောက်တောင်၏ အဆိုအရ တောင်ကုတ်မြို့တွင် AA က ချိတ်ပိတ်လိုက်သော ပိုင်ဆိုင်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅ သန်းမှ ဒေါ်လာ ၆ သန်းဝန်းကျင်ရှိပြီး စက်ယန္တရားများ၊ စက်လှေ ၈ စီး၊ နေအိမ်များ၊ မြေကွက်များနှင့် “ထာဝရအောင်မြေ” အိမ်ရာစီမံကိန်းများပါဝင်ကြောင်း သိရှိရသည်။

AA က သိမ်းယူထားသော သံတွဲမြို့ရှိ ဟိုတယ်များနှင့် စီမံကိန်းများ ဆုံးရှုံးမှုမှာ ခရိုနီလုပ်ငန်းရှင်များနှင့် စစ်ကောင်စီအတွက် အထိအနာဆုံးဖြစ်ကြောင်း ၊ အထူးသဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ဆုံးရှုံးမှုကြီးကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ငပလီကမ်းခြေကို ဆုံးရှုံးရတာကတော့ ဒီဟိုတယ်ပိုင်ရှင်တွေရော ခရီးသွားလုပ်ငန်းတွေအတွက်ရောက အထိအနာဆုံးပဲ။ မြန်မာပြည်ရဲ့ အလှဆုံးကမ်းခြေနဲ့ ဟိုတယ်အကောင်းဆုံးတွေက ငပလီမှာ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် ဟိုတယ်လုပ်ငန်းရှင်က ဆိုသည်။

ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိသည့် ကမ္ဘာကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိပြီး သံတွဲမြို့ကို AA က သိမ်းပိုက်လိုက်သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဟိုတယ်များအားလုံးမှာ AA လက်အောက်သို့ ကျရောက်ခဲ့သည်။

ငွေကျပ် ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် ငပလီကမ်းခြေမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပိုင်ရှင်အများစုမှာ စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်ပြီး ရုရှားက အကောင်ထည်ဖော်နေသော ငပလီကမ်းခြေ- ရုရှားအပန်းဖြေအိမ်ရာစီမံကိန်းမှာလည်း လက်လွှတ်ဆုံးရှုံးသွားရပြီဖြစ်သည်။

ငပလီကမ်းခြေတွင် ရုရှားအပန်းဖြေအိမ်ရာစီမံကိန်း တစ်ခုလုပ်ဆောင်ခဲ့ပြီး ရုရှား–မြန်မာ ချစ်ကြည် ရေး အသင်းနှင့် မြန်မာဘက်က Treasure of Ngapali Development ကုမ္ပဏီ၊ Shwin Pyaw Pyaw Trading ကုမ္ပဏီ တို့က ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလတွင် စာချုပ်ချုပ်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းမှာလည်း ရပ်တန့်သွားပြီး AA ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ငပလီကမ်းခြေမှ အကြီးဆုံးဟိုတယ်ဖြစ်သော ကြယ်ငါးပွင့်အဆင့်ရှိ Jasmine Ngapali Resort (စံပယ်ဖြူငပလီဟိုတယ်) ကို စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့်နီးစပ်သူ ဦးကောင်းစံက ပိုင်ဆိုင်ပြီး သူဌေးကြီး ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇအုပ်စုနှင့်လည်း ဆက်နွယ်နေကာ ယင်းဟိုတယ်မှာလည်း AA\ ချိတ်ပိတ်မှု ခံထားရပြီဖြစ်သည်။

Jasmine Ngapali Resort (စံပယ်ဖြူငပလီဟိုတယ်) သည် မင်းအောင်လှိုင်နှင့်ဇနီး ငပလီကမ်းခြေသို့ လာတိုင်းတည်းခိုလေ့ရှိသည့် ဟိုတယ်ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့လည်း တည်းခိုဖူးခဲ့သည်။ ယင်းကြယ် ၅ ပွင့်အဆင့်ရှိ စံပယ်ဖြူငပလီဟိုတယ်မှာ အခန်း ၉၂ ခန်းထိရှိသည်။

မြန်မာပြည်၏ ခရိုနီ သူဌေးများဖြစ်ကြသည့် ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့၏ ဟို တယ်များလည်း ငပလီကမ်းခြေတွင် ရှိနေကြပြီး အားလုံးကို AA က သိမ်းပိုက် ချိတ်ပိတ်ထားသည်။

အောင်မျိုးမင်းဒင် သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးကပ်သော ခရိုနီတစ်ဦး ဖြစ်ပြီး ၎င်းတွင် မြန်မာပြည်အနှံ့ ဟိုတယ် ၁၂ လုံးရှိကာ ငပလီ ကမ်း ခြေတွင် Amazing ဟိုတယ်ရှိသည်။ အောင်မျိုးမင်းဒင်သည် သံတွဲဟိုတယ်ဇုန် ဥက္ကဌလည်းဖြစ်သလို မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ လည်း ဖြစ်သည်။

ယင်းအပြင် အငြိမ်းစား အာဏာရှင်ဟောင်း သန်းရွှေ၏ သား ဦးထွန်းနိုင်ရွှေ၊ အငြိမ်း စား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး တို့ကလည်း ငပလီတွင် ဟိုတယ်များ ပိုင်ဆိုင်ထားသည်။ အငြိမ်းစား ဒုတိယ ဗိုလ် ချုပ်မှူးကြီးမောင်အေး၏ သမီး ဒေါ်နန္ဒာအေး ပိုင်သည့် ငပလီကမ်းခြေမှ ဟို တယ်မှာ Pristine Mermaid Resort ဟိုတယ်ဖြစ်သည်။

ငပလီကမ်းခြေတွင် ကမ္ဘာကျော် Hilton – ဟီလ်တန်ဟိုတယ်လုပ်ငန်းစုနှင့် ပူးပေါင်း ပြီး လေဆိပ်လမ်း ဇီးဖြူကုန်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် ကြယ် ၅ ပွင့် အဆင့်ရှိ Hilton – ဟီလ်တန်ငပလီဟိုတယ်လည်း ရှိနေသည်။

ဟီလ်တန်ငပလီဟိုတယ်ကို အေဒင်အုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင် ဦးချစ်ခိုင်က ပိုင်ဆိုင်သည်။ ငပလီ ဟိုတယ်အများစုမှာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ်တော စသည့် ရပ်ကွက်များနှင့် ငပလီကမ်းခြေတလျှောက်တွင် ဖွင့်ထားကြသည်။

လတ်တလော သံတွဲမြို့၊ ငပလီကမ်းခြေတွင်ရှိသည့် ဟိုတယ် ၆၅ လုံးနှင့် အခန်းပေါင်း ၂၀၀၀ ကျော်ရှိကာ အာရက္ခတပ်တော် AA က ချိတ်ပိတ်ထားသည်။

ထို့ပြင် အာရက္ခတပ်တော် AA က ချိတ်ပိတ်ကာ သိမ်းဆည်းထားသော နေအိမ်များတွင် အိမ်အလုံး ၆၀ ကျော်ပါ၀င်ပြီး ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် မင်းပြားမြို့နယ်များမှ ဖြစ်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်စလင်လက်နက်ကိုင်အဖွဲ့များနှင့် ပတ် သက်ဆက်နွယ်သူများ၊ တော်လှန်ရေးကို နှောင့်ယှက်ခဲ့သူ များ ၏ နေအိမ်များ ပါဝင်ကြောင်း သိရှိရသည်။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article