29 C
Yangon

ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် အီဗယ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၆၀ ကျော်ခန့်သည် ရွာသစ်ကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော် အခုရက်ပိုင်း သတိထားမိသလောက်ဆိုရင် အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို အကြောက်တရားကို နည်းလမ်းပေါင်းစုံနဲ့ ရိုက်သွင်းတာမျိုးတွေကို ခပ်စိပ်စိပ်လုပ်လာတာကို တွေ့ရပါတယ်။ ရွာတွေ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ တန်ဖိုးရှိပစ္စည်းတွေကို ဓားမြတိုက် ခိုးယူတာတွေ လူနေရွာထဲရပ်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းအသုံးပြုပြီး ဗုံးကြဲချတာ လေယာဉ်၊ ရဟတ်ယာဥ်သုံးပြီး ဗုံးကြဲချလာတာတွေ အမြောက်အများ လုပ်ဆောင်လာတာကို တွေ့လာရပါတယ်။ ဒါဟာ ဘာကို သွားထင်ပေါ်စေသလဲဆိုရင်ဖြင့် အကြမ်းဖက် စကစတပ်သားတွေက ပြည်သူအပေါ် ငဲ့ညာသနားစိတ် မရှိတော့ဘဲဘီလူးသရဲစီးသကဲ့သို့ စဥ်းစားဆင်ခြင်နိုင်စွမ်းတွေ ကင်းမဲ့လာတာမျိုး ဖြစ်ပါတယ်” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် အီဗယ် က ပြောဆိုသည်။

ထို့ပြင် ရှေ့တန်း စစ်မျက်နှာပြင်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိတ်ကြွဆေးပြားများ ထိုးသွင်း ရှုရှိုက်ပြီး လူသားလှိုင်း ပုံစံဖြင့် အသေခံ တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး လူစိတ်ကင်းမဲ့ လာခြင်းကြောင့် ပြည်သူများ စစ်ကောင်စီ တပ်သားများနှင့် ဝေးရာတွင် နေထိုင်ကြရန် ရဲဘော် အီဗယ်က သတိပေးပြောဆိုသည်။

“ကျွန်တော်တို့ ရှေ့တန်းစစ်မြေပြင်မှာ အများဆုံး ကြုံတွေရတဲ့ အဖြစ်အပျက်တွေကတော့ စစ်ကြောင်းထိုးရမဲ့ စကစတပ်သားတွေကို စိတ်ကြွဆေးပြားတွေ ထိုးသွင်းရှုရှိုက်စေပြီး လူသားလှိုင်းတက်ပုံစံမျိုးနဲ့ အတင်းအသေခံတက်ခိုင်းတာတွေကို လည်း အကြိမ်များစွာ တွေ့ကြုံခဲ့ရပါတယ်။ အခု စကစဘက်မှ ပြဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေ နဲ့ စစ်တပ်ထဲသို့ ရောက်ရှိသွားတဲ့ လူငယ်လူရွယ်တွေဟာလည်း အထက်ပါ ဆိုးသွမ်းယုတ်ညံမှုတွေကို စဥ်းစားဉာဏ်ကင်းမဲ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် မူးယစ်‌ဆေးဝါး များကို အသုံးပြုပြီး အတင်းအကြပ် စေခိုင်းခံနေရကြောင်း သိရှိရပါတယ် ဒါကြောင့်မို့ အချုပ်အားဖြင့် ပြည်သူလူထုအနေနဲ့လည်း စကစရဲ့ ဆိုးယုတ်တဲ့ အမူအကျင့်တွေကို သိရှိနားလည်ပြီး အကြမ်းဖက်စကစတပ်သားများကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် အီဗယ် က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို RTC စစ်ကြောင်း နှင့်အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ရေတာရှည် ပကဖအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်ရှိချိန်ထိ ရွာသစ်ရွာထဲ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article