29 C
Yangon

အုတ်တွင်းတွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင် ပစ်ခတ် ခံပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွား

Must read

အုတ်တွင်းတွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင် ပစ်ခတ် ခံပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွား

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တောင်ငူ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာတွင်နေထိုင်သော ရာအိမ်မှူး မင်းအောင်သည် ဘီယာဆိုင်ထိုင်နေစဉ်တွင် တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဘီယာဆိုင်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး မင်းအောင် သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရပ်သား ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခြင်း ၊ ဖမ်းဆီးခံရသော ပြည်သူများထံမှ ငွေညှစ် အဆမတန် တောင်းခံခြင်း ၊ ဆင်းရဲနွမ်းပါးသော ပြည်သူများ အပေါ် ခြိမ်းခြောက်အနိုင်ကျင့်ဗိုလ်ကျခြင်း၊ သာမန်လက်လုပ်လက်စား အရပ်သား ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်ကောင်စီထံ အပ်နှံခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာလာစဉ် အလောင်းလာကောက်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး ရဲဘော်များကို ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ်ရာမှ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပိတ်ဆို့ တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေး ရဲဘော်အားလုံး ဖောက်ထွက်နိုင်ခဲ့သော်လည်း သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် တော်လှန်ရေး ရဲဘော်များ အားလုံး လွတ်မြောက်နယ်မြေ အတွင်း ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သားပြည်သူ ၁ ဦး ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျနော်တို့ ကတော့ အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှကို ပုဂ္ဂိုလ်ရေးမပါ။ ရန် ငါ စည်း ပြတ်သားစွာနဲ့ အဂတိ ကင်းရှင်းစွာ ဆက်လက်တိုက်ခိုက်သွားမှာပါ” ဟု တောင်ငူ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article