စဉ့်ကူး၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိလာ
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် က ပြောဆိုသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၆ ဦး အပါအဝင် သေဆုံးသူ ပြည်သူ ၂၇ ဦးထိရှိပြီ ဖြစ်ကြောင်း၊ ထို့ပြင် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ခန့်လည်းရှိကြောင်း သိရသည်။
“ကျနော်တို့ အခုချိန်ထိ စိစစ်နေဆဲဖြစ်လို့ သေဆုံးစာရင်း အတိအကျကို အတည်မပြုနိုင်သေးဘူး။ ဒဏ်ရာရရှိတဲ့ သူတွေထဲမှာလည်း စိုးရိမ်ရတဲ့ သူတွေပါဝင်ပါတယ်” ဟု ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တရာယ် စိုးရိမ်ရပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်သောကြောင့် သေဆုံးမှု စာရင်းအရေအတွက် ပိုမို များပြားလာနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဈေးဆိုင်များလည်း ပြိုကျ ပျက်စီးခဲ့ပြီး မီးလောင် ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။
