တောင်သာရှိ စစ်တပ် တပ်စွဲထားသော ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းနှင့် ဂိုဒေါင်ကို မီးရှို့ရှင်းလင်း
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဇဂျမ်းဂိတ်နှင့် စွပ်ကျယ် စက်ရုံကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းနှင့် ဂိုဒေါင်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန် တောင်သာမြို့ အနောက်ဘက်အထွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့် တပ်စွဲထားသော ဇဂျမ်းဂိတ်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း မှ တော်လှန်ရေး ရဲဘော်များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ များပြားကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦးခန့်က တော်လှန်ရေး တပ်ဖွဲ့များကို ဝိုင်းပတ် တိုက် ခိုက်ခဲ့သဖြင့် သေဆုံးသွားသော စစ်သားများ၏ လက်နက်ခဲယမ်းများကို ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ အထိုင်ဂိတ်စခန်းကိုသာ မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စက်ရုံအတွင်းရှိ ဘန်ကာ ၃ လုံး ပြိုကျပျက်စီးခဲ့ကာ တော်လှန်ရေး ရဲဘော်များက ကြက်သွန်ဂိုဒေါင်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
“တောင်သာမြို့နယ် အနောက်ဘက် အထွက်က အင်အား ၅၀ ခန့်အထိုင်ချထားတဲ့ ဇဂျမ်း စစ်ခွေးဂိတ်နဲ့ စွပ်ကျယ်စက်ရုံကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၃ ကောင်သေပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားပါတယ်။ လက်နက်တွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိဘူး။ စစ်ခွေးဂိတ်နဲ့ ဂိုဒေါင်ကို မီးရှို့ ရှင်းလင်းခဲ့တယ်” ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။


