32 C
Yangon

မန္တလေးတိုင်း၊ မြို့နယ်များတွင် မိဘများကို ရုံးသို့ ခေါ်ယူပြီး စစ်မှုထမ်းမဲ နှိုက်ခိုင်းကာ မဲပေါက်သူလူငယ်များကို စစ်ထဲသွင်းပြန်

Must read

မန္တလေးတိုင်း၊ မြို့နယ်များတွင် မိဘများကို ရုံးသို့ ခေါ်ယူပြီး စစ်မှုထမ်းမဲ နှိုက်ခိုင်းကာ မဲပေါက်သူလူငယ်များကို စစ်ထဲသွင်းပြန်

ရန်ကုန်၊ မတ် ၁၅

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် လူငယ်များ၏ မိဘများကို ရုံးသို့ ခေါ်ယူပြီး စစ်မှုထမ်းမဲများ နှိုက်ခိုင်းကာ မဲပေါက်သူလူငယ်များကို စစ်မှုထမ်းခေါ်ယူနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မတ်လ ၁၂ ရက်နေ့ကလည်းကောင်း၊မြစ်သားမြို့နယ်တွင် ယမန်နေ့ မတ်လ ၁၄ ရက်နေ့နှင့် ယနေ့ မတ်လ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ကျောက်ဆည်မြို့နယ်တွင် ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင်လည်းကောင်း လူငယ်များ၏ မိဘများကို ကျေးရွာနှင့် ရပ်ကွက်ရုံးများသို့ ခေါ်ယူ စစ်မှုထမ်းမဲများနှိုက်ခိုင်းကြောင်း၊ မဲပေါက်လျှင် မဲပေါက်သူ လူငယ်များကို စစ်ထဲသို့ စေလွှတ်ပါမည်ဟု မိဘက ချက်ချင်း ဝန်ခံ ကတိလက်မှတ်ရေးထိုးပြီး လူငယ်များကို စစ်ထဲဝင်ရန် အသင့်ပြင်ခိုင်းနေကြောင်း သိရှိရသည်။

“ကျောက်ဆည်မြို့နယ်၊ သစ်ကြီးတန်းရပ်ကွက်မှာ စစ်မှုထမ်း မဲနှိုက်ဖို့ စာရွက်တွေလာဝေပြီးတော့ ဒီနေ့ မဲနှိုက်ခိုင်းတယ်။ သစ်ကြီးတန်း အုပ်ချုပ်ရေးမှုး ဘုံးလုံးငတေကြီးကတော့ မဲပုံးကို ကိုင်ပြီး မိဘတွေကို နှိုက်ခိုင်းတာ။ မဲပေါက်ရင် မိဘက တစ်ခါတည်း ကိုယ့်သားကို စစ်မှုထမ်းစေလွှတ်ပါမယ်ဆိုတဲ့ ဝန်ခံကတိလက်မှတ်ထိုးရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းမဲများနှိုက်ခိုင်းရာတွင် အများပြည်သူများအားလုံးရှေ့တွင် နှိုက်ခိုင်းခြင်းဖြစ်ပြီး စစ်မှုထမ်းခေါ်ယူသည့် ပုံစံ ပြောင်းလဲသည့် ပုံစံ အယောင်ပြ လုပ်ဆောင်နေကြောင်း ပြည်သူများက ဆိုသည်။

“မြစ်သားမှာ မနေ့က မဲနှိုက်ခိုင်းတယ်။ တချို့ရွာတွေမှာ မဲနှိုက်ရွေးတယ်။ ရွာတော်တော်များများမှာကတော့ အိမ်အထိ စစ်သားနဲ့ အုပ်ကြီးတွေ လိုက်ဖမ်းပြီး စစ်ထဲထည့်တာ။ ပြေးလည်း မလွတ်ဘူး။ မပြေးနဲ့ဆိုပြီး အုပ်ကြီးတွေက နေ့ည မရွေး ဝင်ဖမ်းနေတာ” ဟု မြစ်သားမြို့ပေါ်မှ စစ်မှုထမ်းခေါ်ဆောင်ခံရသည့် လူငယ်တစ်ဦး၏ မိခင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြစ်သားမြို့မှ ဒေသပြည်သူတစ်ဦးကမူ “ရစ်ကန်ရွာ ၊ ရိုးကန်ရွာ ၊တောင်းတွင်းရွာ ၊ ညောင်းဝန်းရွာတွေမာလူငယ်တေမဲနှိုက်ရမယ်ဆို့လို့ရွာပြင်တောတွေထဲမှာထွက်ပြေးနေကြရပါတယ်။ လူငယ်တွေမရှိတော့ကျေးရွာအုပ်ချုပ်ရေးမှုးတွေကသူတို့ကိုယ်တိုင်မဲတွေ နှိုက်ပြီး စာရင်းတွေယူသွားကြတယ်”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနောက်ပိုင်း လူငယ်များကို စစ်မှုထမ်းစာရင်းမှတ်ပုံတင်ခိုင်းရာတွင် လူငယ်များ ထွက်ပြေးပါက မိဘများကို အရေးယူမည်ဆိုသော ဝန်ခံကတိများကို တစ်ခါတည်း လက်မှတ်ရေးထိုးခိုင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article