မတ္တရာနှင့် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay (Vomdy) အဖွဲ့ထံမှ သိရသည်။
မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၉ မိနစ်ခန့်တွင် မြကန်သာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ထုံးဘိုကျေးရွာအနီးတဝိုက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မြကန်သာရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စာတိုက်တကာကျေးရွာ အရှေ့ဘက်အနီးတဝိုက်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် ထော်လာဂျီ ၁ စီး ပျက်စီးကာ ပြည်သူများ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကမမောင်းတပ်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဖလာတောင်ကျေးရွာနှင့် ကျုံစိန်ကျေးရွာ အတွင်းရှိ လယ်ယာမြေထဲကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသပြည်သူ၏ လယ်ယာမြေနှင့် အိမ်အမိုးအကာ၊ အခင်း လှေကား၊ တံခါး၊ ပြတင်းပေါက်နှင့် ဘုရားစင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။


