Breaking News- နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဉ်ကို အနိမ့်ပျံသန်းပြီး စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲ ပစ်ခတ်မှု သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် စစ်ကောင်စီက စစ်လေယာဉ်ကို အနိမ့်ဆုံးပျံသန်းပြီး စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲ ပစ်ခတ်ရာ သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးကြောင်း နောင်ချိုမြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၅ နာရီ ၂၆ မိနစ်အချိန်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်က အနိမ့်ဆုံးပျံသန်းပြီး နောင်ချိုမြို့၊ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း၊ ဗုံး ၄ လုံး ၂ ကြိမ်ကျဲချပြီး
လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် အတွဲလိုက် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် စိန်ရတနာပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၉ ပါးနှင့် ပြည်သူ ၅ ဦး သေဆုံးကြောင်း သိရှိရသည်။
“လေယာဉ်ကို နိမ့်နိမ့်လေးပျံပြီး ပြည်သူတွေကို စစ်ဘေးရှောင်တွေမှန်းသိရက်နဲ့ တမင်ကို ရည်ရွယ်ပြီး လူသတ်သွားတယ်။ သံဃာတော် ၉ပါး ပျံလွန်တော်မူပါတယ်။ သံဃာတော် ၉ ပါးမှာ ကိုရင် ၈ပါးနဲ့ ဦးဇင်း ၁ပါး ပါတယ်။ စစ်ဘေးရှောင် ပြည်သူ ၅ ဦးလည်း သေဆုံးတယ်။ စုစုပေါင်းက ၁၄ ဦးသေဆုံးပါတယ်” ဟုနောင်ချိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- CJ ။


