တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အဆောက်အဦများ ထိခိုက် ပျက်စီး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် အစောပိုင်း တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးက ဗုံး ၈ လုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ အဆောက်အဦးများနှင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စက်တပ် လေထီး ၂ စီးနဲ့ မကျီးပင်တဲ ကျေးရွာနဲ့ အနီးတစ်ဝိုက်ကို ဗုံးသီး ၈ လုံးကျဲချတာ နေအိမ်တစ်လုံး နဲ့ ဘုန်းကြီးကျောင်း ပေါ်ကိုကျတာ ပြည်သူထိခိုက်မှုတော့မရှိပါဘူး” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် လေယာဉ်သံနှင့် စက်တပ် လေထီးသံ ကြားပါက ဗုံးခိုကျင်းအတွင်းသာ ခိုအောင်းကြပါရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက တိုက်တွန်းထားသည်။


