KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၏ နေအိမ်အနီးသို့ စစ်တပ်က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်သော်လည်း လူနှင့်ပစ္စည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ
ကရင်အမျိုးသားအစည်းအရုံး၊ KNU အုပ်ချုပ်မှုနယ်မြေ တပ်မဟာ ၇ အတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၏ နေအိမ်အနီးသို့ စစ်တပ်က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်ကောင်စီတပ်က လွှတ်တင်လိုက်သော အသေခံဒရုန်း ၃ စီးသည် KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။
” ဒီနေ့မနက် ၃ နာရီကျော်အချိန် ဒရုန်းဗုံး ၃ လုံးဆက်တိုက်ချတယ်။ ပေါက်ကွဲမှုကတော့ မြေပါတုန်တယ်။ လူအထိအခိုက်မရှိပါဘူး။ စစ်ဦးစီးချုပ် စောဂျော်နီအိမ်နားကျရောက်ပေါက်ကွဲပါတယ်။ ရေစပ်နားဗုံးတစ်လုံး၊ ဘောလုံးကွင်းနားမှာ ဗုံးတစ်လုံး ပေါက်ကွဲတယ်။ KNU တပ်မဟာ ၇ စစ်ရုံးချုပ်ထဲကို ဦးတည်ပြီး ဒရုန်းတွေ ကို လွှတ်တာ။ ပေါက်ကွဲမှုက အရင်ထက် ပိုပြီး အင်အားပြင်းလာတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူစခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက အသေခံဒရုန်းများဖြင့် KNU ဌာနချုပ်ဖြစ်သော တပ်မဟာ ၇ ကို ဦးတည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
