လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းထိတွေ့ တိုက်ပွဲသည် ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးကာ MA-3 သေနတ် ၁ လက် ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (PDF Dawei District Battalion 2 – P23302) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။


