28 C
Yangon

မြန်မာနိုင်ငံတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများ မလုပ်ဆောင်ဘဲ သဘောထားကွဲလွဲသူများကသာ အကြမ်းဖက်မှုများ လုပ်နေဟု မင်းအောင်လှိုင် ပြောပြန်

Must read

မြန်မာနိုင်ငံတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများ မလုပ်ဆောင်ဘဲ သဘောထားကွဲလွဲသူများကသာ အကြမ်းဖက်မှုများ လုပ်နေဟု မင်းအောင်လှိုင် ပြောပြန်

🟥 ရိုးရိုးသားသားပြောရလျှင် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော တိုင်း ပြည် ဖြစ်ချင်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ဆို

ရန်ကုန်၊ မတ် ၂၁

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ် ဆောင် ခြင်းမရှိဘဲ သဘောထားကွဲလွဲသူများကသာ ဆန့်ကျင်မှုများ လုပ်ရန် အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၅ အလွန်မြန်မာနိုင်ငံ၏စိန်ခေါ်မှု Forum on Myanmar Beyond 2025 ဆွေးနွေးပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းပြည် အေးချမ်းမှု ပျက်ပြားနေပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်ခြင်းမရှိကြောင်း၊ သဘောထားကွဲလွဲသူများကသာ ဆန့်ကျင်မှုများလုပ်ရန် အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု မရှိ၍ ရင်းနှီး မြှုပ်နှံမှုများ မလာတော့ကြောင်း ၎င်းက ဆိုသည်။

“လုံခြုံရေးနဲ့ပတ်သက်လို့ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားနေတာရှိပါတယ်။ ကျနော်တို့ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျနော်တို့ လုပ်တာမဟုတ်ဘူး။ သဘောထားကွဲလွဲသူတွေကနေပြီးတော့ ဆန့်ကျင်ဖို့အတွက် အကြမ်းဖက်မှုတွေကို လုပ်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုမရှိရင် ရင်းနှီးမြှုပ်နှံမှု ဘယ်လိုမှ လာဖို့ အကြောင်းမရှိဘူး။ ဟိုနား ဆူဆူပူ ဒီနားဆူဆူပူ ဖြစ်ဆိုလည်း နိုင်ငံရေးအရ ဖြစ်လို့ရှိရင်လည်း တော်တော်လေး နောက်တွန့်နေမှာ။ ဒီလိုပဲ အကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေ ရှိနေရင်လည်း ရင်းနှီးမြှုပ်နှံမှု ဘယ်လိုမှ လာနိုင်စရာ အကြောင်းမရှိဘူး” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ရှင်းပြသည်။

မင်းအောင်လှိုင်က စစ်တပ်အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံပြီး ရိုးရိုးသားသား ပြောရမည်ဆိုလျှင် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ဖြစ်ချင်ပြီဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့်ပြောနေသည့် အခွင့်အရေးများလည်းရှိနေကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပေးမည်ဖြစ်ပြီး လူ့အလို နတ်မလိုက်နိုင်၍ အကုန်လုံး မပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေးမှာလည်း ကျနော်တို့ တပ်မတော်က ပါတီစုံ ဒီမိုကရေစီစနစ်ကို လက် ခံတယ်လို့ ပြောပြီးသားဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ၊ ၂၀၁၅ ရွေး ကောက် ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း အားလုံးပါဝင်ပေးပါတယ်။ ရိုးရိုးသားသားပါ။ အခုလည်း ကျနော် ရိုးရိုးသားသား ပြောတာပါ။ တကယ်လည်း ကျနော်တို့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်း ပြည် ဖြစ်ချင်ပါတယ်။ ထို့အတူပဲ တိုင်းရင်းသားတွေ ပြောနေတဲ့ အခွင့်အရေးတွေလည်း ဒါတွေလည်း တော်တော်လေးရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ရင်လည်း ကျနော်တို့ကတော့ နိုင်ငံရေးမျှော်မှန်းချက်မှာ ပေးထားတာရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ကျနော်တို့ ပေးခဲ့တာရှိတယ်။ ဖက်ဒရယ်အခွင့်အရေးတွေ ပေးဖို့ အဆင် သင့်ရှိတယ်။ သို့သော်လည်း သူ့ထိုက်သင့်တဲ့ဟာပေါ့။ ဒါတွေတော့ သွားရမှာပေါ့။ လူဆိုတာတော့ ဖြစ်ချင်တာ အများကြီးရှိတာပေါ့။ ကျနော်တို့ ဖြစ်ချင်တာရှိတယ်။ ခင်ဗျားတို့လည်း ဖြစ်ချင်တာရှိတယ်။ လူ့အလို နတ်မလိုက်နိုင်ဆိုသလို အကုန်လုံးတော့ မဖြစ်နိုင်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတော့ ဖြစ်အောင် ဥပဒေအရ သွားရမယ်။ အများရဲ့ ဆုံးဖြတ်ချက်နဲ့ သွားရမယ်။ ဒါတွေက နိုင်ငံရေးပါ။ ဒီလို သွားနိုင်ဖို့ ဆိုရင် ဒီမိုကရေစီ လက်ခံတယ်ဆိုရင် ကျနော်တို့က ပါတီစုံဒီမိုကရေစီ ပြည်သူက တောင်းဆိုတယ်ဆိုတာလေ။ ပြည်သူက တောင်းဆိုတာလေ။ ဒီမိုကရေစီသွားမယ်ဆိုလို့ရှိရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ နည်းလမ်းတကျပဲ ဆောင်ရွက်ဖို့လိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ အလွန်မြန်မာ နိုင်ငံ ၏စိန်ခေါ်မှု Forum on Myanmar Beyond 2025 ဆွေးနွေးပွဲမှ မြန်မာ နိုင်ငံအတွက် အသုံးဝင်သော ဆက်လက် လျှောက်လှမ်းရမည့် အနာဂတ်အစီအစဉ်များ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article