တန့်ယန်းတွင် ကျားဖြန့်နှင့်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရသော ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ဆေးရာတွင် မူးယစ်ဆေးနှင့်လက်နက် သယ်ယူမှုများပါ ပေါ်ပေါက်ပြီး ပြည်ငြိမ်းဆန်းကားလိုင်းနှင့် ကားများပါ ပိတ်သိမ်းအရေးယူခံရ
ရန်ကုန်၊ မတ် ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်မှုကြောင့် ဖမ်းဆီးခံရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးနှင့်လက်နက်သယ်ယူမှုများပါ ပေါ်ပေါက်ပြီး ၎င်းနှင့်ပတ်သက်နေသော ပြည်ငြိမ်းဆန်းကားလိုင်းနှင့်ကားများကိုပါ စစ်ကောင်စီက ပိတ်ပင်သိမ်းယူလိုက်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ကိုးကန့် MNDAA ၏ တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့် တိုင်းစစ်ဌာနချုပ် လက်ကိုင်မရှိသော အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး အပါအဝင် ထိပ်တန်းစစ်အရာရှိကြီး ၅ ဦး ကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက တရုတ်ကျားဖြန့်ဂိုဏ်းများထံမှ ငွေယူမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးမှာမူ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း၊ ယင်းနောက် ယခင်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးနေလင်းတို့က မူးယစ်ဆေးဝါးနှင့်လက်နက်သယ်ယူမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ထပ်မံပေါ်ပေါက်လာကြောင်း သိရှိရသည်။
ထိုသို့ ပေါ်ပေါက်လာသည့်အတွက် ၎င်းတို့နှင့်ပတ်သက်နေသော ပြည်ငြိမ်းဆန်းကားလိုင်းနှင့်ကားများအားလုံးကို စစ်ကောင်စီက သိမ်းယူလိုက်ကြောင်း၊ အဆို ပါ ပိတ်သိမ်းအရေးယူမှုကို ရမခတိုင်းမှူးအသစ် ဗိုလ်မှူးချုပ် အေးမင်းဦးက ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တန့်ယန်းမြို့ မှာ ပြည်ငြိမ်းဆန်း ကားဂိတ်ကို လက်ရှိ ရမခ တိုင်းမှုး(ဗိုလ်မှူးချုပ်အေးမင်းဦး) က လိုင်းဆွဲနေတဲ့ Express ကားတွေရော အကုန် သိမ်းလိုက်ပြီ ။ တန့်ယန်းကနေ ရန်ကုန်ကို မူးယစ်ဆေးဝါးနဲ့ လက်နက် တွေကို အမြဲတမ်း သယ်ဆောင်ပေးနေတာ ။ ကားလိုင်းက အရင် ရမခ တိုင်းမှုး ဗိုလ်ချုပ်မြင့်ကျော် ထွန်း နဲ့ အဆင်ပြေတော့ တိုင်းမှူးကို လစဉ်လတိုင်းဆက်ကြေးပေးတယ် ။ တန့်ယန်းမြို့နယ် ဥက္ကဋ္ဌ ဗိုလ်မှူး နေလင်းကပါ ပါဝင်ပတ်သက်နေတော့ ပြည်ငြိမ်းဆန်းဂိတ်ကို ဘယ်သူမှ မထိရဲဘူး ။ တန့်ယန်းမှာကလည်း ပထမ ဆုံး စဆွဲတဲ့ Express ကားလိုင်းကလည်း ပြည်ငြိမ်းဆန်းပဲ ။ အဲ့ဂိတ်က အရင်ကတည်း က မူးယစ်ဆေးဝါးတွေ သယ် နေတာ လူတိုင်းသိတယ်။ ခဏ ခဏ လည်းမိတယ်။ တိုင်းမှုး နဲ့ မစဖ ဥက္ကဌ ကိုပိုင်တော့ ဘယ်သူမှ မပြောရဲကြဘူး။ အခုက တိုင်းမှုး အသစ်က ချက်ချင်း အရေးယူတာ ။ အခု ပြည်ငြိမဆးန်းကားဂိတ်ကို လည်းပိတ်တယ်။ ကားတွေလည်း သိမ်းတယ် ။ လက်ရှိ တန့်ယန်းဂိတ်ပိုင်းကလူတွေတော့ ထွက်ပြေးနေတယ်။ တောင်ကြီးဂိတ် မန္တလေး ဂိတ် ရန်ကုန်ဂိတ် တွေလည်း အကုန်ပိတ်ပြီ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
သို့ရာတွင် မူးယစ်ဆေးနှင့် လက်နက်သယ်ယူမှုတွင် ပါဝင်ပတ်သက်နေသော တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးနေလင်းမှာမူ အရေးယူခံရခြင်းမရှိကြောင်း၊ ဗိုလ်မှူးနေလင်းသည် ဗိုလ်သင်တန်း အပတ်စဉ် ၄၆ ကျောင်းဆင်းဖြစ်ပြီး လက်ရှိ တန့်ယန်းဗျူဟာမှူးအသစ်နှင့် တစ်ပတ်စဉ်တည်း မိတ်ဆွေများဖြစ်ကြောင်း၊ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် အေးမင်းဦးကို တန့်ယန်းဗျူဟာမှူး အသစ်က ဗိုလ်မှူးနေလင်းနှင့်ပတ်သက်၍ အာမခံခဲ့သဖြင့် လွတ်မြောက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် တန့်ယန်းတွင် ရွှေလားရှိုး၊ မိုးထက်အာကာ စသည်ဖြင့် ကားလိုင်းများမှာလည်း ဆက်လက် လည်ပတ်နေဆဲဖြစ်ကြောင်း၊ တန့်ယန်းအခြေစိုက် ကားလိုင်းများမှာ စစ်တပ်၏ ကျောထောက်နောက်ခံပေးမှုဖြင့် မူးယစ်ဆေး၊ လက်နက်နှင့် တရားမဝင် ပစ္စည်းသယ်ယူမှုများတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်လျက်ရှိကြောင်း သိရှိရသည်။
တန့်ယန်းတွင် ကျားဖြန့်ငွေလိမ်းဂိုဏ်းများကို စစ်ကောင်စီက ဖမ်းဆီးအရေးယူ စစ်ဆေးခဲ့ရာတွင် ယခင်တိုင်းမှူးဟောင်း ဗိုလ်ချုပ် မြင့်ကျော်ထွန်းက လာဘ်ငွေယူ ခွင့်ပြုခဲ့သည်ဆိုသော စစ်ဆေးမှုရလဒ်များအရ အရေးယူခဲ့ကြောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနောင်စိုးမှာမူ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ တူတော်စပ်သဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် ငွေကြေးလိမ်လည်မှု ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ် မြင့်ကျော်ထွန်း။
