35 C
Yangon

ARSA ခေါင်းဆောင်များကို အရေးယူရာတွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က တိုက်တွန်း

Must read

ARSA ခေါင်းဆောင်များကို အရေးယူရာတွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို Fortify Rights က တိုက်တွန်း

ရန်ကုန်| မတ် ၂၂

ARSA (အာဆာ) ခေါင်းဆောင်များ၏ စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့်အပေါ် တရားစီးရင် အရေးယူနိုင်ရန် နိုင်ငံတကာ တရားမျှတမှုယန္တရားများဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်ပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မတ်လ ၁၇ ရက်နေ့က ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပါအဝင် ပတ်သက်ဆက်နွယ်သူ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၈ ရက်နေ့မှာ ရုံးထုတ်ခဲ့သည်။

ARSA ၏ အဓိက ခေါင်းဆောင် အာတာအူလာ၊ ခေါင်းဆောင်အဖွဲ့ဝင် မိုစတတ် အာမက်၊ ဆလီမွတ်လာ၊ အက်စ်မွလ် ဟုစ်နာ၊ ဟာဆန် နှင့် မိုနီရူဇူမန်း တို့အပါအဝင် ၎င်းတို့၏ ဇနီးမယား ၃ ဦးနှင့် ကလေးငယ် ၁ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ARSA အဖွဲ့ဝင်များသည် မွတ်ဆလင် ဒုက္ခသည်များအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်မှုများ စသည့် စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ပြုလုပ်ခဲ့သည်ဟု Fortify Rightsက အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်းမှ မွတ်ဆလင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ARSA အဖွဲ့၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှု မြောက်သော အထောက်အထားများကို တွေ့ရှိထားသည်ဟု ဖော်ပြထားသည်။

ထိုကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM), နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စသည်တို့ ပါဝင်သော နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု Fortify Rights တောင်းဆိုထားသည်။

“ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျခံရခြင်းကနေ လွတ်မြောက် နေတာနဲ့အမျှ ဗြောင်းဆန်နေအောင်ကို အကြီးအကျယ် လိုက်ဖျက်ဆီးနေပါတယ်။ စစ်ရာဇဝတ်မှုတွေကို များသောအားဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေအတွင်းမှာသာ ကျူးလွန်လေ့ရှိပေမယ့် ဒီအမှုကိစ္စမှာတော့ ဘင်္ဂလားဒေ့ရှ်က ရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံက စစ်ပွဲနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး စစ်ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်လို့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ယာယီအစိုးရအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ဖို့ နိုင်ငံတကာ တရားမျှတမှုဆိုင်ရာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ဆိုသည်။

ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များမှာ ARSA, RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြင့် နှစ်ပေါင်းများစွာ အကြမ်းဖက်မှုများနှင့် သတ်ဖြတ်မှုများကို ခံစားခဲ့ရသည်ဟု Fortify Rights က ထုတ်ဖော်ထားသည်။

ဒုက္ခသည်စခန်းများအတွင်း ARSA, RSO အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၂၂ တွင် ၄၂ ဦး၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု Fortify Rights က ပြောဆိုထားသည်။

ထိပ်တန်းခေါင်းဆောင် အာတာအူလာနှင့် ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တည်ဆဲဥပဒေအများအပြားကို ချိုးဖောက်ထားရုံမက နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေး DGFI အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့မှု စသည်များကို ကျူးလွန်ထားကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖော်ထုတ်ထားကြသည်။

ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်အတွင်းက ဖြစ်စဉ်များအတွင်း ၎င်းတို့၏ အမိန့်ကို မနာခံဟုဆိုကာ မွတ်ဆလင်ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရာနှင့်ချီသော ဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုထားသည်။

ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများအတွက် အထောက် အားလုံးရှိပြီး ပြည့်စုံသည်ဟု ယုံကြည်ကြောင်းနှင့် မည်သည့်နည်းဖြင့် မဆို ဆက်လက် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများကို ထပ်မံစုံစမ်းစစ်မှုများ ပြုလုပ်သင့်သည်ဟု Fortify Rights က ပြောသည်။

“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နှင့် RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ပြောသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထားသော ARSA အဖွဲ့ဝင် ၁၀ ဦးထဲတွင် ထိပ်တန်းခေါင်းဆောင် အနည်းဆုံး ၆ ဦးပါဝင်သော်လည်း နောက်ထပ် ARSA ၏ ထိပ်တန်းခေါင်းအဖွဲ့ဝင် မော်လဝီရာမတ် ကော်ရိမ်နှင့် မော်လဝီ အော်လီ တို့မှာ လွတ်မြောက်နေသေးကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

မော်လဝီရာမတ် ကော်ရိမ် မှာ ကော့ဘဇားခရိုင်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်း (၁) တွင် နေထိုင်ကြောင်းနှင့် မော်လဝီ အော်လီ မှာ သေဆုံးသွားပြီဟု သတင်းလွှင့်ကာ ပုန်းလျှိုးကွယ်လျှိုးဖြင့် တက်နပ်ဖ် ဒေသတွင် အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်နေသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ရှိဖမ်းဆီးထားသော ARSA ထိပ်တန်းခေါင်းဆောင် ၆ ဦးအပါအဝင် ၁၀ ဦးကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ပြစ်မှုများကျူးလွန်မှု စသည့် အမှု နှစ်ခုဖြင့် တရားရုံးတင် စစ်ဆေးနေသည်ဟု တရားလိုရှေ့နေများက ပြောဆိုထားသည်။

သို့သော်လည်း ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ် ဥပဒေများဖြင့် တရားစီရင်ရေးမှာ လုံလောက်ခြင်းမရှိသည့်အတွက် ကျူးလွန်ခံရသူများ၏ တရားမျှတမှုရရှိနိုင်ရန် နိုင်ငံတကာ တရားစီရင်ယန္တရားများဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု Fortify Rights က တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article