မြင်းမူနှင့် ရေစကြိုတို့တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅၉ ဦးကို ဖမ်းဆီးသွား
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူ ၉ ဦးကို ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းမူမြို့နယ် ခြေရာတော်ရွာနှင့် ကြော့မင်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းပြီး ပြည်သူများကို လူသားဒိုင်း အဖြစ်ဖမ်းဆီး သွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ခြေရာတော်မှ နေအိမ် ၆ လုံးနှင့် ကြော့မင်းရွာမှ နေအိမ် ၁ လုံးတို့ မီးလောင် ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခြေရာတော်ကျေးရွာမှ ပြည်သူ ၃ ဦးနှင့် ကြော့မင်းရွာမှ ပြည်သူ ၆ ဦးကို လူသားဒိုင်း အဖြစ်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာကို အင်အား ၁၅၀ လောက်နဲ့ စစ်ခွေးတွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်။ နောက်ပြီး ကြော့မင်းရွာက နေအိမ် ၁ လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်။ ခြေရာတော်ကျေးရွာက ပြည်သူ ၃ ဦးနဲ့ ကြော့မင်းရွာက ပြည်သူ ၆ ဦးကိုလည်း ဓာစားခံ အဖြစ် ဖမ်းသွားတယ်။ လက်ရှိချိန်မှာ ပြည်သူတွေက ဘေးလွတ်ရာကို တကွဲတပြားရှောင်နေရတော့ ဖမ်းဆီးခံရတဲ့ ပြည်သူ အရေအတွက်ကိုတော့ သေချာ အတည်မပြုနိုင်သေးဘူး” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဘိုးမင်းကြီး ကင်းလမ်းခွဲရှိ စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက်သွားကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေသည့် လူသတ်မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း ပြုလုပ်ပြီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ ငတရော်ရွာ၌ ရောက်ရှိနေသာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုးဖြူရွာနှင့် မိုးကွဲရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် မိုးကွဲရွာ အနောက်ဘက် ကျွန်းခုံပေါ်တွင် ထွက်ပြေး တိမ်းရှောင်နေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅၀ ကျော်ကို ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးခံရသော ပြည်သူ ၅၀ ကျော်ကို မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူသားဒိုင်း ပြုလုပ်ပြီး ကံဦးရွာကို ဆက်လက် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက မနေ့က ကံဦးရွာကို မွန်းလွဲပိုင်းမှာ ဝင်ရောက်စီးနင်းတယ်။ သူတို့ ဖမ်းထားတဲ့ လူသားတွေကို ဒိုင်းအဖြစ်ဖမ်းခေါ်သွားတယ်။ မိုးကွဲရွာက ထော်လာဂျီတွေ၊ လှည်းတွေ ချောဆွဲပြီး ခေါ်သွားတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်၊ ဇရပ်နီ၊ သာဂေါင်လေးနှင့် ပန်းညို(မြောင်နယ်) ကျေးရွာတို့မှ ပြည်သူပိုင် နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် ၊ မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း ၊ သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်၊ သာဂေါင် (ရွာမ) မှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင် ၊ အသက် ၉၁ နှစ်အရွယ် ဦးအုန်း ၊ အသက် ၇၀ အရွယ် ဒေါ်စန်းဝေ နှင့် အမည်မသိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေစကြိုမြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။


