ပဲခူးတိုင်းတွင် AA၊ PDF ရှုတ်ချပွဲနှင့် စစ်တပ် တပ်ထောက်ခံပွဲ လုပ်ရန် စစ်ကောင်စီက ပြည်သူများကို ခြိမ်းခြောက်ဆင့်ခေါ်နေ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ် တချို့တွင် အကြမ်းဖက် စစ်တပ်က AAနှင့်PDF ရှုတ်ချပွဲနှင့် စစ်တပ် တပ်ထောက်ခံပွဲ ပြုလုပ်ရန် ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး တစ်အိမ်လျှင် ၁ ဦး တက်ရောက်ရမည်ဟု ခြိမ်းခြောက်နေ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လနှင့် ဧပြီလ အတွင်း သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် တချို့တွင် အကြမ်းဖက် စစ်တပ်က ထောက်ခံပွဲပြုလုပ်ရန် လူစုဆောင်းနိုင်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး တစ်အိမ် ၁ ဦးနှုန်း တက်ရောက်ရမည်ဟု လိုက်လံခြိမ်းခြောက် ပြောဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းစဉ်တွင် ပြည်သူများက လူငယ်များကို လာရောက်ပေါ်တာဆွဲ ဖမ်းဆီးသည်ဟု ထင်မှတ်ပြီး ထွက်ပြေး တိမ်းရှောင်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပြည်သူများ ထောက်ခံပွဲ လာရောက်ခြင်းမရှိပါက စစ်မှုထမ်း ဥပဒေဖြင့် ခြိမ်းခြောက်ခြင်း၊ သေနတ်ပြ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပဲခူးနှင့် ရခိုင် အစပ်၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်ကောင်စီ တပ်သားများလည်း စိတ်ဓာတ်ကျဆင်းနေသည့်အတွက် ပြည်သူများက စစ်တပ်ကို ထောက်ခံမှု အပြည့်အဝ ရှိကြောင်း ပြသနိုင်ရန်နှင့် စိတ်ဓာတ်ခွန်အား ပေးနိုင်ရန် အတွက်ဟုဆိုကာ အကြမ်းဖက် စစ်တပ် ထောက်ခံသူများက တပ်ထောက်ခံပွဲပြုလုပ်ရန် ဦးဆောင် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခု သတင်းကြားတာက ဒီလထဲ ကျင်းပမယ်ဆိုပြီး ပြောနေတယ်။ မင်းလှမြို့ပေါ်မှာ လုပ်မယ်ဆိုပြီး သိရတယ်။ တခြားမြို့နယ်တွေလည်း အဲလိုလုပ်မယ်သတင်းတွေကြားနေရတယ်။ စစ်ခွေးတွေက မင်းလှမြို့နယ်ထဲက ကညင်ပင်ရွာနဲ့ ကရင်တအိမ်ရွာကို ဝင်ရောက်စီးနင်းပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ ဆန္ဒပြပွဲ လိုက်ကြဖို့ လက်နက်ပြ ခြိမ်းခြောက်တာ စစ်မှုမထမ်း ဥပဒေနဲ့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်သွားတယ်လို့ သိရတယ်။ နောက်ပြီး မိုးညိုဘက်က ရွာတွေကိုလည်း အဲလိုဝင်ရောက် စီးနင်းတာတွေရှိတယ်လို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တပ်ထောက်ခံပွဲများ ပြုလုပ်ပါက တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်မည်ကို စိုးရိမ်၍ အရပ်ဝတ် လက် နက် ကိုင်များကိုလည်း အကြမ်းဖက် စစ်တပ်က ထားရှိရန် စီစဉ်နေကြောင်း သိရှိရသည်။
