ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့တွင် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့တွင် စစ်ဆေးရေးပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေဦးမြို့ ရွှေပြည်သာရပ်ကွက် ဓမ္မာရုံရှေ့တွင် စစ်ဆေးရေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၀ ခန့်ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က ဒရုန်းဖြင့်ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင် သေပြီး စစ်ခွေး ၂ ကောင် ဒဏ်ရာရပါတယ်။ စစ်ခွေးတွေ ကားတွေနဲ့ အခု လာသယ်နေပါတယ်။ အထိုင်ချတပ်စွဲထားတဲ့ စခန်းတော့ မဟုတ်ဘူး။ စစ်ဆေးရေး ခဏလာလုပ်တဲ့တာ ရပ်ကွက်ပေါ့။ ရွှေပြည်သာ ရပ်ကွက်ခေါ်တာပါ။ ရေးဦးမြို့ မြောက်ပိုင်းမှာ ရှိတာလေ အဆောက်အဦးက မထိခိုက်ဘူး။ သူတို့က ရှေ့ကင်း ရှေ့မှာ ၅ ယောက်ထွက်နေတာပါ။ သူတို့ရှေ့တည်တည်ကျတာပါ။ ၃ ယောက်သေပြီး ၂ ယောက်က ဒဏ်ရာရတယ်။ အုတ်တံတိုင်းတော့ ပျက်စီးပါတယ်။ ပတ်ဝန်းကျင်တော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိပါဘူး။ အဲဒီနားလေးမှာတင် ဖြတ်သွားတဲ့ ပြည်သူတစ်ဦးကတော့ သတိလစ်သွားတယ်။ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မရှိပါဘူး။ သတိလစ်တာပါ။ ပြည်သူတွေ အနေနဲ့ စစ်ခွေးတွေနဲ့ ဝေးဝေးနေဖို့ပဲ သတိပေးချင်ပါတယ် ” ဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။
