မန္တလေး တံတားဦးလေဆိပ်နှင့် နေပြည်တော် လေဆိပ် အတွင်းပိုင်းနှင့် လေယာဉ်ပြေးလမ်းများ ပျက်စီးသွားသ ဖြင့် ရက်အကန့်အသတ်မရှိ ယာယီပိတ်၊ မန္တလေးလေဆိပ်တွင် ဘိုအင်းလေယာဉ် ၁ စီးနှင့် ဂျက်လေယာဉ် ၁ စီး သောင်တင်နေ
ရန်ကုန်၊ မတ် ၂၈
မန္တလေး တံတားဦးလေဆိပ်နှင့် နေပြည်တော် လေဆိပ် အတွင်းပိုင်းနှင့် လေယာဉ်ပြေးလမ်းများ ပျက်စီးသွားသ ဖြင့် ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းလိုက်ပြီး မန္တလေး လေဆိပ်တွင် ဘိုအင်းလေယာဉ် ၁ စီးနှင့် ဂျက်လေယာဉ် ၁ စီး သောင်တင်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်သော ငလျင်ကြောင့် နေပြည်တော်လေဆိပ် ပြေးလမ်း ပြတ်တောက်ခြင်း၊ ကွဲအက်ခြင်းများ ဖြစ်ပေါ်ကာ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကျိုးကျခဲ့ကြောင်း၊ လေကြောင်းထိန်းသိမ်းရေး တာဝါတိုင်ကျိုးကျမှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအခြေအနေများကြောင့် နေပြည်တော်လေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
အလားတူ မန္တလေး တံတားဦးလေဆိပ်တွင်လည်း လေဆိပ်အတွင်းပိုင်း ပျက်စီးသွားခြင်း၊ လေယာဉ်ပြေးလမ်း ပျက်စီးသွားခြင်းတို့ကြောင့် ပိတ်သိမ်းထားပြီး ဘိုးအင်းလေယာဉ် ၁ စီးနှင့် ဂျက်လေယာဉ် ၁ စီး သောင်တင်သွားကြောင်း သိရှိရသည်။
“ယာယီပိတ်တယ်ဆိုတာ ၃ လ လို့ မှန်းပါတယ်။ ပြင်ဆင်မှုတွေ မပြီးရင်တော့ ဒီထက်ကြာနိုင်ပါတယ်။ ရန်ကုန်ဘက်ကတော့ ဘာမှ မကြားပါဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- တံတားဦးလေဆိပ် အပျက်အစီးများ။

