ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် ပြည်သူ ၃၀ ကျော် သေဆုံးကြောင်း ကနဦးသိရ
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် ပြည်သူ ၃၀ ကျော် သေဆုံးကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ အနီးလှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် အင်းလေး ဒေသရှိ ကျေးရွာများလည်း ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသရှိ ဟဲယာရွာမ ၊ သလဲဦးအင်း ၊ နန်းပန် နှင့် ကေလာရွာတို့မှ လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး နေအိမ်များ ပြိုကျခြင်းနှင့် မြေငလျင်လှုပ်စဉ် မီးလာချိန်ဖြစ်၍ ဓာတ်လိုက်သေဆုံးသူများလည်း ရှိကြောင်း သိရှိရသည်။
ကနီဦး ရရှိသော စာရင်းများအရ နန်းပန်ရွာမှ ၂၅ ဦး ၊ ရွာမရွာမှ ၅ ဦး အပါအဝင် စုစုပေါင်း ၃၆ ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို နန်းပန်ဆေးရုံ၌ ပို့ဆောင်ထားကြောင်း သိရသည်။
“အခုလက်ရှိ ရရှိထားတဲ့ စာရင်းအရ သေဆုံးသူ ၃၆ ဦးထိ ရှိပြီလို့ သိရပါတယ်” ဟု အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က ပြောဆိုသည်။


