မန္တလေး၊ စစ်ကိုင်းဘက်တွင် ညအချိန်အထိ နောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက်လှုပ်နေဆဲ
မန္တလေးနှင့် စစ်ကိုင်းဘက်တို့တွင် အင်အား ၇ ဒသမ ၇ အဆင့် ပြင်းထန်သည့် ငလျင်ကြီး ယနေ့(မတ်လ ၂၈) မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန်တွင် လှုပ်ခတ်ပြီးနောက် ယခုညအချိန်အထိ ငလျင်ငယ်များ ဆက်တိုက်လှုပ်နေဆဲဖြစ်ကြောင်း အဆိုပါဒေသများမှပြည်သူများက ပြောကြားသည်။
စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်လှုပ်ခတ်အပြီး ၁၂ မိနစ်ခန့်အကြာတွင် စစ်ကိုင်းမြို့တောင်ဘက်ပိုင်း ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
မန္တလေးမြို့တွင် မွန်းလွဲပိုင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ယနေ့ညအချိန်အထိ နောက်ဆက်တွဲငလျင်ငယ် ၁၀ကြိမ်ထက်မနည်း လှုပ်နေဆဲဖြစ်ကြောင်း မန္တလေးဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် ပြည်သူများမှာ နေထိုင်ရာနေရာများ၏ ဘေးကင်းလုံခြုံကြံ့ခိုင်ရေးကို စိုးရိမ်ကြသဖြင့် အနီးအနားလမ်းမများပေါ်တွင် နေနေကြရသည်ဟု ၎င်းက ဆိုသည်။
ကျောက်ဆည်မြို့တွင်လည်း မွန်းလွဲပိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်းတွင် နောက်ဆက်တွဲငလျင်ငယ် ၆ ကြိမ်ထက်မနည်း လှုပ်ခဲ့ကြောင်း ကျောက်ဆည်ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ အောင်ပန်း၊ နေပြည်တော်တို့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပြီး ပြိုကျသော အဆောက်အအုံများထဲတွင် ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း မြေပြင်မှရရှိသောသတင်းများ အရ သိရပါသည်။
အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများပြားခဲ့ပြီး အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နိုင်သည့်အတွက်ကြောင့် ယိုင်နဲ့သွားတဲ့အဆောက်အအုံများ၊ အထပ်မြင့်များတွင် ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံများ အက်ကွဲမှုရှိ မရှိ စစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းကြဖို့နှင့် အချို့ဒေသများတွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြပါရန် NUG က ထုတ်ပြန်သတိပေးထားသည်။
ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ပြီး ရေကြီးနိုင်သဖြင့် ငလျင်နောက်ဆက်တွဲ ဘေးအန္တရာယ်များမှ လွတ်ကင်းနိုင်ရန်အတွက် ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပါရန် ပညာရှင်များက သတိပေးပြောကြားသည်။
ငလျင်လှုပ်ပြီးချိန်တွင် မိမိနေထိုင်ရာနေရာမှ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီ သိုလှောင်ကန်များကို စစ်ဆေးရမည်ဖြစ်ပြီး ပျက်စီးမှုရှိပါက ဖြတ်တောက်ခြင်း၊ ပိတ်ထားခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ ယင်းအပြင် ပေါက်ပြဲကာ လျှပ်စစ်စီးနေသော ၀ိုင်ယာကြိုးများကိုလည်း သတိထားရမည်ဖြစ်ပြီး ပင်လယ်အနီးသို့ သွားရောက်ခြင်း မပြုကြဖို့ ငလျင်ပညာရှင်များက သတိပေးသည်။
ဓာတ်ပုံ- ယနေ့ ငလျင်ကြောက်၍ လမ်းမများပေါ်တွင် ထွက်၍ အိပ်နေကြသည့် မန္တလေးမြို့မှ ပြည်သူများ။
Photo-CJ။


