နေပြည်တော်ငလျင် ကယ်ဆယ်ရေးလုပ်ငန်း စင်ကာပူတပ်ဖွဲ့ဝင်များ စတင်ကူညီ
သေဆုံးသူ ၂၃၀ ကျော်လာပြီဖြစ်သော နေပြည်တော် ငလျင်ဘေး ပိတ်မိနေသူများကို ကယ်တင်နိုင်ရန်အတွက် စင်ကာပူတပ်ဖွဲ့ဝင်များ မတ်လ ၃၀ ရက်နေ့မှစတင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကြေညာသည်။
ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ ပြိုကျပျက်စီးခဲ့သော အဆောက်အဦအောက်တွင် ပိတ်မိနေသည့် အသက်ရှင်လျက်ရှိနေသူ ၁ ဦးကို ကယ်ထုတ်နိုင်ရေး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (SCDF) စင်ကာပူနိုင်ငံမှ တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
စင်ကာပူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Singapore Civil Defence Force-SCDF)မှ ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးပါဝင်သည့် Operation Lionheart အဖွဲ့သည် မြန်မာနိုင်ငံသို့ မတ်လ၂၉ ရက်တွင် ရောက်ရှိခဲ့ပြီး အဆိုပါအဖွဲ့တွင် ရှာဖွေရေးခွေး လေးကောင်လည်း ပါဝင်ကာ Urban Search and Rescue (USAR) ကိရိယာများလည်း ယူဆောင်လာကြောင်း SCDF ထံမှ သိရသည်။
လက်ရှိတွင် နေပြည်တော်ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနက လုပ်ဆောင်နေပြီး မတ်လ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျ၍ ပိတ်မိနေသော အသက်(၇၀)ကျော်အဘွားကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယင်းအပြင် မတ်လ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ဓနသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ်(၁၃၀၇) အဆောက်အဦပြိုကျ၍ ပိတ်မိနေသူများကို ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး သေဆုံးသူ ကျား(၂)ဦး၊ မ(၃)ဦး၊ ကလေး(မ)(၁)ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


