အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး နေအိမ် ထောင်နှင့်ချီ ပျက်စီးကာ အရေးပေါ် အကူအညီများ လိုအပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်နှင့်ချီ ပျက်စီးကာ အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အိုင်ကြီးထောင့်ကျေးရွာ၊ ကြေးစားကုန်းကျေးရွာ၊ ကေလာကျေးရွာ၊ ဇရပ်ကြီးကျေးရွာနှင့် ပေပင်အင်းကျေးရွာ အပါအဝင် ကျေးရွာများတို့မှ လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။
“အင်းလေးဒေသက ရွာတွေဘက်မှာ ထိခိုက်ပျက်စီးမှု များပြားပါတယ်။ အခုအထိ နေအိမ်တွေမှာ လူတွေ မနေရဲကြသေးပါဘူး။ ကေလာကျေးရွာဆိုရင် အိမ်ခြေ ၈၀၀ ကျော်နဲ့ ဇရပ်ကြီးကျေးရွာဆိုရင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပါတယ်။ စုစုပေါင်း သေဆုံးသူ လူဦးရေက ၁၀၀ ကျော်ပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
ဒေသနေပြည်သူများအနေဖြင့် ညောင်ရွှေမြို့၊ ဘုရားကုန်း စသည့်နေရာများတွင် စုပြုံနေထိုင်ကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ငလျင်ကြောင့် လျှပ်စစ်မီးတိုင်များလည်း ကျိုုးကျ ပျက်စီးခဲ့ကြောင်း သိရသည်။


