ရေစကြိုတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့နေသည့် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းတလျှောက် လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် ZPK က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၈ ရက်နေ့တွင် ယင်းစစ်ကြောင်းကို ရေစကြိုမြို့နယ်၊ သာဂေါင်ရွာနှင့် မြောင်မြို့နယ်၊ ပန်ညိုရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက စတင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၇ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မြေခဲတောင်ကျေးရွာမှ ထွက်လာသော ရှင်မတောင် တောင်ပေါ်သို့ ရိက္ခာလာပို့သည့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှေ့ဆက်တိုးနိုင်ခြင်းမရှိတော့ဘဲ ရှင်မတောင်ပေါ်သို့ ရိက္ခာမပို့နိုင်ဘဲ စစ်ကြောင်းတစ်ခုလုံး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက ရေစကြိုမြို့နယ်၊ ကန်ဦးရွာ၌ ကင်းရှည်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀ ခန့်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
” လောလောဆယ် စစ်ခွေး အသေစာရင်းကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတော့ ရှိပါတယ်” ဟု ရေစကြိုတပ်ပေါင်းစု သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် ZPK က ပြောဆိုသည်။
