31 C
Yangon

ဂုဏ်သိက္ခာဆိုင်ရာ ဝေဖန်အငြင်းပွားဖွယ်ရာများ ရှိ‌နေသည့်ကြားက ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘိရှော့ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

Must read

ရန်ကုန်၊ ဧပြီ ၁၀

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘိရှော့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံစဉ် ငလျင်ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပြီး၊ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားမိကြောင်း ပြောကြားခဲ့သည်ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။။

ကမ္ဘာ့ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘိရှော့၏ အကျိုးစီးပွားပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာအရပ်ဘက်အဖွဲ့အစည်းပေါင်း သုံးရာနီးပါးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တို နီယိုဂူတာရက်စ်နှင့် ကုလသမဂ္ဂအထွေထွေညီလာခံတို့ထံ မကြာသေးမီက အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြသည်။

ဘိရှော့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုရှိနေသည့် ဩစတြေးလျကုမ္ပဏီ Energy Transition Minerals (ETM) တွင် အကြံပေးရာထူးအဖြစ် လုပ်ကိုင်နေခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခများရှိသည်ဟူသော စွပ်စွဲချက်များဖြင့် သူမကို ကုလရာထူးနေရာမှ ဖယ်ရှားရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ Julie Bishop ၏ ETM တွင် ပါဝင်မှုသည် ဂရင်းလန်းဒေသရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော၊ ဒေသခံလူမျိုးစုများက အပြင်းအထန် ဆန့်ကျင်နေကြသော မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းအတွက် အကြံပေးနေခြင်း‌ဖြစ််သည့်အတွက် သူမ၏ လူ့အခွင့်အရေးနှင့် ဒေသခံလူမျိုးစုများအပေါ် လေးစားအသိအမှတ်ပြုမှု မရှိသည်များအပေါ် စိုးရိမ်စရာများ ဖြစ်ပေါ်လာစေခဲ့သည်။

ဘိရှော့သည် ယခင်ကတည်းက ဩစတေးလျနိုင်ငံသို့ အခြားကမ္ဘာ့နိုင်ငံများမှ ပဋိပက္ခများကြောင့် ထွက်ပြေးလာ‌ရသော ဒုက္ခသည်များအရေးနှင့်ပတ်သက်၍ သူမ၏ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်အပေါ် ဝေဖန်ပြောဆိုမှုများစွာရှိခဲ့ပြီး၊ ကုလသမဂ္ဂက သူမအား မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ရွေးချယ်ခဲ့စဥ်ကလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထိုခန့်အပ်မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

တချိန်တည်းတွင်ကပင် ဩစတြေးလျ အမျိုးသား တက္ကသိုလ် (ANU) ၏ အဓိပတိ တစ်ဦးလည်းဖြစ်သော ဂျူလီဘိရှော့သည် အကျိုးစီးပွားပဋိပက္ခဆိုင်ရာကိစ္စရပ်များကြောင့် သူမ၏ခေါင်းဆောင်မှုအပေါ် ANU တက္ကသိုလ်ဝန်ထမ်းများက အယုံအကြည်မရှိတော့ကြောင်း မဲခွဲဆုံးဖြတ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူမသည် တက္ကသိုလ်အတွင်း သူမ၏ရာထူးနှင့် ပတ်သက်သော ငွေကြေးလွဲမှားစီမံမှု၊ ကျင့်ဝတ်ပျက်ပြားမှု စသည့် စွပ်စွဲချက်များနှင့် လက််ရှိရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်း ၂၉၀ ဖွဲ့က ဘိရှော့၏ စီးပွားရေး အကျိုးစီးပွားပဋိပက္ခများအပေါ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂသို့ တောင်းဆိုထားကြသော်လည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုထိတိုင် အရေးယူခြင်းမရှိသေးသည့်အပေါ် Justice For Myanmar (JFM) က ဝေဖန်ပြစ်တင်ခဲ့သည်။

ယခုကဲ့သို့ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီရန် ကုလသမဂ္ဂ၏ ဦးဆောင်အခန်းကဏ္ဍ အရေးကြီးလာချိန်တွင် ကုလသမဂ္ဂအနေဖြင့် အကျိုးစီးပွားပဋိပက္ခများနှင့် သူမ၏ ဖြောင့်မတ်တည်ကြည်မှုအပေါ် ယုံကြည်မှုများ ကျဆင်း‌နေသည့ ဂျူလီဘိရှော့အား လက်ရှိရာထူးနေရာတွင် ဆက်လက်ထားရှိမှုသည် လွန်စွာမှပင် ကျိုးကြောင်းဆင်ခြင်မှု မရှိသည့် လုပ်ရပ်ဟု JFM ကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် Julie Bishop ၏ မြန်မာခရီးစဉ်အား “ငြိမ်းချမ်းရေးနှင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် ကျွန်ုပ်တို့၏ ကတိကဝတ်ကို အားဖြည့်ဆောင်ရွက်ရန်” အတွက် စီစဥ်ထားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

သို့သော် ငလျင်ဖြစ်ပွားပြီး မကြာမီပင် စစ်ကောင်စီသည် အရပ်သားပြည်သူများပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် အပြစ်မဲ့ပြည်သူများစွာ သေဆုံးခဲ့ရသည်။

အထူးသဖြင့် ယမန့်နေညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂၀ ကျော်သေဆုံးခဲ့ရပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သောအကြမ်းဖက်တိုက်ခိုက်‌မှုများအပြင် စစ်အုပ်စုသည် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအကူအညီများအပေါ်တွင်လည်း ကြီးစွာသော ကန့်သတ်ချက်များ ထားရှိနေဆဲဖြစ်သည်။

ပုံစာ – စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဂျူလီဘိရှော့ တွေ့ဆု့ကြစဥ်။

ပြည်သူ ၂၀ ကျာ် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့အပြီး မြင်ကွင်း

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article