ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၆ နှစ်အရွယ် စစ်ဘေးရှောင် ပြည်သူ ဒေါ်ဝင်းကြည်ပွဲချင်းပြီး သေဆုံးပြီး အသက် ၄၀ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ကောလင်းမြို့ပေါ် ရပ်ကွက်ကနေ စစ်ရှောင်လာတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ဝင်းကြည်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးလည်း ဆေးရုံကို ပို့ဆောင်နေတုန်း လမ်းခရီးမှာ သေဆုံးတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


