PTTEP အနေဖြင့် မြန်မာစစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေခြင်းအား ရပ်တန့်ရမည်ဟု ထုတ်ပြန်သတိပေး
ထိုင်းနိုင်ငံ၏ ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) သည် စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် မကြာသေးမီက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာအတွင်း စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေသော သဘာဝဓတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်သည့် ရတနာကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ကွက်၏ ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်ရန် ဆိုသည့်အချက် ပါဝင်ကြောင်း သိရသည်။
PTTEP အနေဖြင့် ထိုသို့စစ်အုပ်စုနှင့် စီးပွားရေးဆက်လက်လုပ်ကိုင်ကာ ဘဏ္ဍာငွေများ ရှာဖွေပေးအပ်နေခြင်းများအား ရပ်တန့်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တစ်ခုဖြစ်သော Justice For Myanmar က ယမန်နေ့က ထုတ်ပြန်သတိပေးထားသည်။
PTTEP သည် မြန်မာနိုင်ငံတွင်းရှိ ရတနာ၊ ဇောတိက နှင့် M3 သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူနှင့် ကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး၊ တွင်းသစ်တူးဖော်ခြင်းများကို ဆက်လက်လုပ်ဆောင်ကာ စစ်အုပ်စုကို အကျိုးအမြတ်များ ရှာဖွေပေးနေသည့် ကုမ္ပဏီလည်းဖြစ်သည်။
စစ်အုပ်စုသည် မြန်မာနိုင်ငံတွင်း ဖျက်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ပြည်သူများအတိဒုက္ခရောက်နေချိန်တွင်ပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုင်းအစိုးရသည် စစ်တပ်ကို ဝင်ငွေရှာဖွေပေးနေသည့် PTTEP ၏ မိခင်ကုမ္ပဏီ PTT တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းကြောင့် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေပြီဖြစ်သည်ဟု JFM ကထုတ်ပြန်သည်။
PTTEP အနေဖြင့် စစ်တပ်ကို ဘဏ္ဍာငွေရှာဖွေပေးအပ်နေခြင်းအား ရပ်တန့်ပြီး ဘဏ္ဍာငွေအားလုံးကို အကာအကွယ်ရရှိထားသော ဘဏ်အကောင့်တစ်တွင် ထိန်းသိမ်းထားရန် JFM ကတိုက်တွန်းထားပြီး၊ ထိုသို့ မလုပ်ဆောင်နိုင်ပါက PTTEP အနေဖြင့် တာဝန်ယူမှုရှိစွာဖြင့် စီးပွားရေးလုပ်ငန်းများမှ ရုတ်သိမ်းထွက်ခွာရမည် ဟုလည်းသတိပေးထုတ််ပြန်ထားသည်။
