ရေဖြူ အခြေစိုက် ခလရ ၄၀၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေစိုက် ခလရ ၄၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့် အတူ လက်နက်မဲ့ အလင်းဝင်ခဲ့ကြောင်း Dove Guerrilla Force မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ရေဖြူမြို့နယ် အခြေစိုက် ခလရ ၄၀၇ တပ်ရင်းမှ စစ်ကောင်စီတပ်သား အသက် ၂၄ နှစ်အရွယ် ရဲမင်းခန့်သည် ဇနီးဖြစ်သူ မဝင်းစန္ဒီတို့နှင့် အတူ ချိုးဖြူပြောက်ကျားတပ်ဖွဲ့ထံသို့ အလင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူထွက်ပြေး လာတာကတော့ ၁၀ ရက်နေ့ ကျွန်တော်တို့နဲ့ တွေ့တာတော့ ၁၁ ရက်နေ့ပါ။ လက်နက်တော့ မပါဘူး။ ဂုဏ်ပြုဆုငွေကတော့ ကျွန်တော်တို့ ချီးမြှင့်ဖို့ စီစဉ်ထားတာရှိတယ်။ ဂုဏ်ပြုဆုငွေကတော့ မချီးမြှင့်ရသေးဘူ။ သူတို့ကိုနေရာချပေးတာနဲ့လုပ်ပေးတာနဲ့ အလုပ်ရှုပ်နေလို့ နောက်ပြီးတော့ သူတို့ စားဖို့သောက်ဖို့ စီစဉ်လိုအပ်တဲ့ဟာတွေ လုပ်ပေးနေတော့ အဲဒီအတွက်ကျန်တာတွေ ဘာမှမလုပ်ရသေးဘူး။ ပြီးမှကျွန်တော်တို့ ဘယ်လောက်ချီးမြှင့်မယ်ဆိုတာကို တိုင်ပင်ပြီးတော့ လုပ်မယ်လို့တော့ စီစဉ်ထားတယ်” ဟု Dove Guerrilla Force မှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို လက်ရှိချိန်တွင် လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး စားဝတ်နေရေးနှင့် မိသားစု ပြန်လည် ထူထောင်ရေးအတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်တွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများလည်း အမြန်ဆုံး လက်နက်ချ အလင်းဝင်ရန် Dove Guerrilla Force က တိုက်တွန်းပြောဆိုထားသည်။
