ဟင်္သာတတွင် စစ်မှုထမ်းရန် နေအိမ်သို့ သွားရောက် ခေါ်ဆောင်သည့် အုပ်ချုပ်ရေးမှူး သက်နိုင် ဓားခုတ်ခံရပြီး သေဆုံး၊ ကျုံပျော်တွင်လည်း အုပ်ချုပ်ရေးမှူး လှကြိုင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၁၂
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းရန် နေအိမ်သို့ သွားရောက် ခေါ်ဆောင်သည့် အုပ်ချုပ်ရေးမှူး သက်နိုင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ သနွံသနော့ကျေးရွာအုပ်စု အကြမ်းဖက် စစ်တပ်ခန့် အုပ်မှူး သက်နိုင်သည် မကျီးကုန်းကျေးရွာမှ လူငယ် တစ်ဦးကို စစ်မှုထမ်း အလှည့်ကျသည်ဟုဆိုကာ သွားရောက် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
ထိုသို့ လာရောက် ခေါ်ဆောင်စဉ် အိမ်ရှင်က နေအိမ်ပေါ် အရောက်၌ ဓါးဖြင့် ခုတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သက်နိုင် ဦးခေါင်းပြတ်ရှ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှကြိုင်သည် မြို့နယ် အစည်းအဝေးမှ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှကြိုင်သည် မြို့နယ်အစည်းအဝေးမှ ပြန်လာစဥ် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၅ ချက် ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှကြိုင်သည် အကြမ်းဖက် စစ်တပ်၏ အမာခံ ထောက်တိုင်တစ်ဦးဖြစ်ပြီး ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ သက်ဆိုးရှည်ရန် လုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးခြင်း၊ အဓမ္မငွေကြေးကောက်ခံခြင်းများကိုလည်း ပြည်သူအပေါ် ကျူးလွန်နေပြီး ၎င်းသတင်းပေးတိုင်ကြားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော လူငယ်များရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ – သတင်းအထူးတပ်ဖွဲ့ -ပုသိမ်
