27 C
Yangon

သင်္ကြန်အကြိုနေ့ ကျောက်တော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားများ ထိခိုက်ပြီး နေအိမ်များပျက်စီး

Must read

သင်္ကြန်အကြိုနေ့ ကျောက်တော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားများ ထိခိုက်ပြီး နေအိမ်များပျက်စီး

ရန်ကုန်| ဧပြီ ၁၃

ရခိုင်ပြည် ကျောက်တော်မြို့ပေါ်မှ ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အကြမ်းဖက် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကျဲချခဲ့တာ။ လမ်းတစ်နဲ့ ရွာမဘက်တွေမှာ ရွှေကျောင်းအနီးပေါ့ ကျရောက်ပေါက်ကွဲခဲ့တယ်။ ကလေး ၁ ဦးနဲ့ နောက်တစ်ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ သေဆုံးသူမရှိဘူးလို့တော့ ပြောပါတယ်။ လူနေအိမ်တော်တော်များများ ပျက်စီးသွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာက အင်တာနက်လည်းမရ၊ ဖုန်းလည်းမရတော့ သတင်းအချက်အလက်ရဖို့က အရမ်းခက်ခဲပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၁ ရက် နံနက်ပိုင်းကလည်း ပေါက်တောမြို့နယ်က မွတ်ဆလင်များ နေထိုင်သည့် အနောက်ရဲ ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏လေယာဉ်က ကျဲချသော ပေါင် ၅၀၀ ဗုံးနှစ်လုံးမှာ အနောက်ရဲကျေးရွာ အပြင်၌ ကျရောက်ပေါက်ကွဲ ခြင်းကြောင့် ဒေသခံမွတ်စလင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်စဲထားကြောင်း ပြောထားသော်လည်း ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများ၊ အဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article