မင်းတပ်မြို့ မြို့မနှစ်ခြင်း ဘုရားကျောင်းနှင့် မတ္တရာရှိ ဗိုလ်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ မြို့မနှစ်ခြင်း ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ဧပြီ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် မင်းတပ်မြို့ မြို့မနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ခရစ်ယာန်ဘုရားကျောင်း ပြိုကျပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဗိုလ်ကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၂ နာရီ ၃၂ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ဗိုလ်ကုန်းရွာ အနီးကို အကြမ်းဖက် စစ်တပ် ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့တော့ ကြားသိရတယ်။ Jet fighter ၁ စီး နဲ့ ဗိုလ်ကုန်းကျေးရွာအနီးကို ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်သွားတာပါ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသော မင်းတပ်မြို့ရှိ မြို့မနှစ်ခြင်း ဘုရားကျောင်း


