စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာဆော့ဝဲလ်များ စစ်အုပ်စုထံရောင်းချခဲ့သည့် ချက်နိုင်ငံအခြေစိုက် Compelson ကုမ္ပဏီကို အရေးယူရန် တောင်းဆို
ချက်သမ္မတနိုင်ငံ၊ ပရက်ဂ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်မှုခင်းဆေးပညာဆိုင်ရာကုမ္ပဏီ Compelson က စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ MOBILedit Forensic Pro ကို မြန်မာစစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ထံကို ရောင်းချခဲ့သည့်အတွက် စစ်ဆေးအရေးယူပေးရန် Justice For Myanmar(JFM) အဖွဲ့က ယနေ့ထုတ်ပြန်တောင်းဆိုလိုက်သည်။
MOBILedit Forensic Pro ဆော့ဝဲလ်သည် လုံခြုံရေးအကာအကွယ်များအား ဖြတ်ကျော်နိုင်ခြင်းနှင့် လုံခြုံသောဆက်သွယ်ပြောဆိုမှု အပ်ပလီကေးရှင်းများမှ ဖျက်ထားပြီးသည့် အချက်အလက်များအား ပြန်လည်ဖော်ယူနိုင်ခြင်း တို့အပါအဝင် ဖုန်းများမှ အချက်အလက်များအား ထုတ်ယူပေးနိုင်ခြင်း တို့ကြောင့် လက်ရှိအချိန် စစ်အုပ်စုအတွက် ကြီးစွာအသုံးဝင်နေဆဲ ဆော့ဖ်ဝဲလ်တစ်ခုလည်းဖြစ်သည်။
ယင်းနည်းပညာဆော့ဝဲလ်သည် မြန်မာစစ်အုပ်စုနှင့် လက်အောက်ခံရဲတပ်ဖွဲ့တို့မှ ၄င်းတို့အတွက် အန္တရာယ်ဟု ယူဆထားသူများအား ပစ်မှတ်ထားခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းများအတွက် စွမ်းဆောင်နိုင်မှုများရှိသည်ဟုလည်း ဆိုသည်။
Compelson ကုမ္ပဏီက စစ်အုပ်စုရဲတပ်ဖွဲ့၏ ဆိုက်ဘာရာဇဝတ်မှုဌာနထံ လိုင်စင်ဝယ်ယူမှု သက်တမ်းတိုးရန် ပေးပို့ခဲ့သော တိုက်တွန်းနှိုးဆော်အီးမေးလ်များစွာကို တွေ့ရှိခဲ့ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြ့န်ပြောဆိုခဲ့သည်။
အဆိုပါပေးပို့ခဲ့သော အီးမေးလ်များစွာအတွင်းမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လရက်စွဲဖြင့် ချက်နိုင်ငံအခြေစိုက် Compelson ကုမ္ပဏီ ဝန်ထမ်းတစ်ဦးမှ စစ်အုပ်စုရဲတပ်ဖွဲ့ထံ ပေးပို့ခဲ့သော အီးမေးလ်တစ်စောင်တွင် Apple Watch (နာရီ) မှ “တိုက်ရိုက်ဖတ်ရှုခြင်း” လုပ်ဆောင်နိုင်ရန်၊ Linux၊ Android နှင့် မိုဘိုင်းဖုန်းတို့၏ ဟာကွက်များမှ ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် ၎င်းတို့၏ ဆော့ဝဲလ်အား အဆင့်မြှင့်တင်ရန် တိုက်တွန်းပြောဆိုထားကြောင်း တွေ့ရှိခဲ့သည်ဟု JFM ကဆိုသည်။
MOBILedit Forensic Pro ဆော့ဝဲလ်များသည် အီးယူ၏ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများစာရင်း၏ အမျိုးအစား 5A004 တွင် ပါဝင်ဖွယ်ရှိသည်။ ယင်းအမျိုးအစားများတွင် ဖုန်းများအတွင်းမှ အချက်အလက်များအား ထုတ်ယူရန်နှင့် လျှို့ဝှက်နံပါတ်များအား ကျော်လွှားရန်အတွက် ဒီဇိုင်းထုတ်ထားသည့် စနစ်များ ပါဝင်သည်ဟုသိရသည်။
ထို့အပြင် ၄င်းသည် မြန်မာနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ချမှတ်ခဲ့သည့် အီးယူကြီးကြပ်မှုကောင်စီ၏ တားမြစ်အရေးယူမှုများ ၂၀၁၈/၆၄၇ ပုဒ်မ ၃ (ခ) နှင့်လည်း ငြိစွန်းနိုင်ဖွယ်ရှိကြောင်း JFMက ထောက်ပြပြောဆိုသည်။
Compelsonကုမ္ပဏီ၏ ဒဏ်ခတ်ပိတ်ဆို့မှုချိုးဖောက်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်တိုင်ကြားရေးနည်းလမ်းကတဆင့် အီးယူထံ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက သတင်းပေးတိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း Justice For Myanmar က ပြောသည်။
Compelsonကုမ္ပဏီဘက်မှ အဆိုပါဆော့ဝဲလ်ကို မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည်မှာ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ဖြစ်ကြောင်းနှင့် အဆိုပါဆော့ဝဲလ်သည် လျှို့ဝှက်နံပါတ်များအား ဖောက်ထွင်း ဝင်ရောက်နိုင်ခြင်း သို့မဟုတ် ဖျက်ထားပြီးအချက်အလက်များအား ပြန်ယူနိုင်မှု မရှိခြင်းကြောင့် ပို့ကုန်ခွင့်ပြုချက် ရယူရန်မလိုကြောင်း ပြောဆိုခဲ့သည်။ သို့သော် ယင်းပြောဆိုချက်သည်ပင် ကုမ္ပဏီ၏ ဈေးကွက်ကြော်ငြာမှုများနှင့် ဆန့်ကျင်နေကြောင်း JFM ကဆိုသည်။
Compelsonကုမ္ပဏီ အနေဖြင့် ဖြစ်နိုင်လျှင် မြန်မာရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့သော ဆော့ဝဲလ်ကို ဆက်လက်အသုံးပြုနိုင်ခြင်း မရှိစေရန် အဝေးထိန်းစနစ်နှင့် ဖျက်ပစ်သင့်သည်ဟု JFM ကဆိုသည်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“Compelson ကုမ္ပဏီက လက်ရှိဖြစ်ပွားနေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာရဲတပ်ဖွဲ့ဆီ အစွမ်းထက်တဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကို သိလျက်နဲ့ ရောင်းချပေးအပ်ခဲ့တာ ဖြစ်ပါတယ်”
ချက်ကုမ္ပဏီက မြန်မာစစ်အုပ်စုထံ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်စည်များနှင့် နည်းပညာများ ပေးအပ်ခဲ့ခြင်းဖြစ်တာကြောင့် စစ်အုပ်စု၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်နှင့် လက်ရှိကျူးလွန်နေသော ရာဇဝတ်မှုကြီးများမှာ အားပေးကူညီနေတာမျိုး မဖြစ်စေရန်အတွက် ချက်သမ္မတနိုင်ငံတွင်လည်း တာဝန်ရှိနေသလို၊ Compelson အနေနှင့်လည်း ၄င်းတို့ဆော့ဝဲလ်ကို မြန်မာစစ်အုပ်စုက နောက်ထပ်အသုံးပြုမရနိုင်ရေးအတွက် လုပ်နိုင်သမျှအဆင့်တိုင်းကို လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း မရတနာမောင်က ထပ်မံပြောကြားခဲ့သည်။
