30 C
Yangon

စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို

Must read

စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို

ရန်ကုန် | ဧပြီ ၁၉

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြင် မျက်နှာပြင်အက် ကြောင်းက မိုင်ပေါင်း ၃၄၂မိုင် (၅၅၀ကီလိုမီတာ) အထိရှိခဲ့တယ်လို့ အမေရိကန် အာကာသနှင့်လေကြောင်းဦးစီးဌာန (NASA) နာဆာက ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ကြောင့်ဖြစ်ပေါ်တဲ့ မြေမျက်နှာပြင်အက်ကြောင်းဟာ မန္တလေးမြို့မြောက်ဘက်ကနေ နေပြည်တော် တောင်ဘက်အထိရှိခဲ့ပြီး ဒါဟာ မှတ်တမ်းတင်နိုင်သမျှမှာ အရှည်လျားဆုံး အက်ကြောင်းတခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ နာဆာရဲ့ Jet Propulsion Laboratory သုတေသီတွေရဲ့ ရေဒါနဲ့ optical ဂြိုလ်တု အချက်အလက်တွေ အသုံးပြုပြီး မြေပြင်ရွေ့လျားမှုကိုလေ့လာခဲ့ရာကနေ အဲဒီလို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကိုင်းငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အနက် ၁၀ကီလိုမီတာ (၆မိုင်)မှာ စတင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်အနီးက အဆောက်အဦးတွေပြင်းထန်စွာထိခိုက်ခဲ့ကာ မိုင်၆၀၀ကျော်အကွာက ဘန်ကောက်မြို့အထိပါ ရိုက်ခတ်မှု ရှိခဲ့တယ်လို့ နာဆာက ဆိုပါတယ်။

မတ်လ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ အထိအခိုက်အပျက်အစီး အဆမတန်များပြားခဲ့ရပြီး လူပေါင်း ၄၀၀၀နီးပါးသေဆုံးခဲ့ပါတယ်။

လတ်တလောအချိန်အထိ စစ်ကိုင်းငလျင်အရှိန်ကြောင့် ငလျင်ငယ်တွေ ဆက် တိုက်လှုပ်ခတ်နေပြီး အကြိမ်ပေါင်း ၁၄၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဘူမိဗေဒပညာရှင်တွေကလည်း စစ်ကိုင်းပြတ်ရွေ့နဲ့ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ပြတ်ရွေ့ကြောတွေကို လေ့လာမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး လေ့လာတွေ့ရှိရတဲ့ ငလျင်ပြတ်ရွေ့ကြောင်းတွေကိုလည်း လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။

ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြေကြီးများ အက်ကွဲကြောင်းများဖြစ်ပေါ်နေစဉ်။

Photo Credit- Nyo Min Facebook ။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article