30 C
Yangon

တရုတ်တွင် ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာ ပြန်လွတ်မြောက်လာချိန် လူကုန်ကူးခဲ့သူများကို တိုင်ကြားသော် လည်း ပြည်ထဲရေးနှင့်ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ဘဲ တိုင်ကြားသူကို ပြန်ခြိမ်းခြောက်

Must read

တရုတ်တွင် ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာ ပြန်လွတ်မြောက်လာချိန် လူကုန်ကူးခဲ့သူများကို တိုင်ကြားသော် လည်း ပြည်ထဲရေးနှင့်ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ဘဲ တိုင်ကြားသူကို ပြန်ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၁၆

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရသော မခင်စန္ဒာက ပြန်လည် လွတ်မြောက်လာချိန် လူကုန်ကူးခဲ့သူများကို တိုင်ကြားသော်လည်း နေပြည်တော်ရှိ ပြည်ထဲရေးနှင့်ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ဘဲ တိုင်ကြားသူကို ပြန်လည်ခြိမ်း ခြောက်နေကြောင်း ကာယကံရှင် မခင်စန္ဒာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ်တွင် မခင်စန္ဒာသည် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် လူကုန်ကူးခံရပြီး ရောင်းစားခံခဲ့ရကြောင်း၊ တိုင်ကြားမှုများဖြင့် တရုတ်ရဲတပ်ဖွဲ့၏ ကယ်တင်မှုကြောင့် မခင်စန္ဒာမှာ ပြန်လည်လွတ်မြောက်ပြီးနောက် လူကုန်ကူးခဲ့သည့် တရားခံများကို အရေး ယူပေးရန် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူကုန်ကူးရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထဲရေးနှင့် နေပြည်တော်လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့က အမှုပင် ဖွင့်ခွင့်မပေးဘဲ အချိန်ဆွဲကာ တိုင်ကြားသူ မခင်စန္ဒာကိုပင် ရဲက ပြန်လည် ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် မခင်စန္ဒာသည် တရုတ်ပြည် စန်းတုန်းမြို့သို့ အလုပ်လုပ်ကိုင်ရန် ပွဲစားက ခေါ်ဆောင်သွားခဲ့ပြီး စန်းတုံးမြို့သို့ ရောက်ရှိချိန်တွင် တရုတ်မယားအဖြစ်ရောင်းစားမှုခံခဲ့ရခြင်းဖြစ်သည်။

“ စန်းတုန်းရောက်မှ တရုတ်ယောက်ျားယူရမယ်မှန်း သိတာ။ တရုတ်ယောက်ျားဆီ ယွမ် ၁၂ သောင်းနဲ့ ရောင်းစားခံခဲ့ရတာ။ တ ရုတ် ငွေ ၅ သောင်းကို ပေးမယ်ပြောပြီး တစ်ပြားမှ မပေးတဲ့အပြင် တိုင်ချင်ရာ တိုင်ဆိုပြီး ရောင်းသွားတာ။ နောက်ဆုံး လူကုန်ကူးဆီတိုင်တော့ ရဲအုပ် စိုးသူရက အမှုပေးမဖွင့်ဘူး။ တရုတ်မှာရှိတဲ့ မြန်မာ သံ ရုံးက ဒုတိယ အရာရှိနဲ့ ချိတ်ဆက်ပေးပြီး သံရုံးအကူအညီနဲ့ ရောင်းစားခံထားရတဲ့ အိမ်ကနေ ကယ်ထုတ်ခံခဲ့ရတာ” ဟု မခင်စန္ဒာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မခင်စန္ဒာသည် တရုတ်ပြည် ရွှေလီမြို့သို့ တစ်ပတ်ကတ်နှင့် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ရွှေလီမြို့ထဲတွင် အဖမ်းအဆီးများ၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကားသမားစိုးလင်းဌေး၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည် စန်းတုန်းမြို့မှ မအိဇာဆိုသူထံသို့ သွားရောက်ခဲ့ကြောင်း၊ တရုတ်ပြည် စန်းတုန်းမြို့သို့ ရောက်ရှိချိန်မှ မအိဇာ ဆိုသူက တရုတ်ယောက်ျားယူရန် ပြောဆိုခဲ့ပြီး တရုတ်ယောက်ျားယူမည်ဆိုပါက တရုတ်ငွေ ၅၀၀၀၀ ပေးမည်ဟုဆိုကာ ရောင်းစားခံခဲ့ရကြောင်း သိရှိရသည်။

တရုတ်ပြည် စန်းတုန်းမြို့တွင် ရောင်းစားခံရသည့် အိမ်မှ မခင်စန္ဒာကို ကယ်ထုတ်နိုင်ခဲ့သော်လည်း တရုတ်နိုင်ငံ ကျူထရံ ရဲစခန်းတွင် အကျယ်ချုပ် နှစ်ပတ်ခန့် စစ်ဆေးခံခဲ့ကြောင်း၊ ဖီရှန် အချုပ်တွင် ၄၅ ရက်ကြာ အချုပ်ကျခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ တရုတ်ပြည်မှ ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရှိရသည်။

“ကျွန်မ မြန်မာနိုင်ငံကို ပြန်ရောက်ရောက်ချင်း ရဲအုပ်စိုးသူရကို ဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် ကျွန်မ အမှုနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ပြောမလာခဲ့ဘူး။ ကျွန်မ ဆက်သွယ်ပြီးတော့ လာခဲ့ရမလား မေးခဲ့တော့လည်း ဘယ်သူခေါ်ထားလို့လဲ မေးပြီး လိုအပ်မှ ခေါ်မယ်ပြောပြီး ဖုန်းချသွားတယ်။ ဆက်သွယ်လာနိုးနဲ့ စောင့်နေခဲ့ပေမယ့် သူက ဆက်သွယ်မလားဘူး။ အဲဒီတော့ ကျွန်မက တရုတ်နိုင်ငံ ဘေဂျင်းက မြန်မာသံရုံးက ဒုတိယအရာရှိ ဦးဇော်လင်းကို ဆက်သွယ်တော့ ဦးဇော်လင်းက မအိဇာကို တိုင်ဖို့ ဖုန်းနံပါတ်ပေးတယ်။ အဲဒီဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး တိုင်မှ ရဲအုပ်စိုးသူရက ကျွန်မကို ဖုန်းဆက်ပြီး ဘာတွေ နစ်နာခဲ့လို့ တိုင်မှာလဲ ဆိုပြီး ပြောဆိုခဲ့တယ်” ဟု မခင်စန္ဒာက ရဲအုပ်စိုးသူရ၏ ဆူပူခြိမ်းခြောက်ခြင်းခံရမှုကို ပြောဆိုသည်။

ထို့ပြင် အမှုဖွင့်မည်ဆိုပါက တရုတ်ပြည်သို့ သွား၍ အမှုဖွင့်ရန် ပြောဆိုပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ရန် သက်သေမလုံလောက်ဟု ပြောဆိုကြောင်း၊ ရဲတပ်ဖွဲ့က အကြောင်းအမျိုးမျိုးပြ၍ အမှုဖွင့်ပေးရန် ငြင်းပယ်ကြောင်း သိရှိရသည်။

“စိုးလင်းဌေးတို့ မအိဇာတို့က ကျွန်မ တစ်ယောက်တည်းကို ရောင်းစားခဲ့တာ မဟုတ်ပါဘူး။ ရဲအုပ်စိုးသူရကိုလည်း ကျွန်မပြောခဲ့တယ်။ ရဲအုပ်စိုးသူရက ကျွန်မကို ဆူပါတယ် နင့်အကြောင်းပဲ နင်ပြောဆိုပြီး ဆူခဲ့ပါတယ် ။ ကျွန်မလိုပဲ စန်းတုန်းမြို့မှာ ရောင်းစားခံရသူတွေရှိပါတယ်။ ကျွန်မ လိုက်ပြဆို လိုက်ပြလို့ရပါတယ်” ဟု မခင်စန္ဒာက ပြောဆိုသည်။

လက်ရှိအချိန်တွင် မခင်စန္ဒာအနေနှင့်မူ လူကုန်ကူးခဲ့သူများကို တိုင်ကြားခဲ့သော်လည်း အမှုနှင့် ပတ်သက်၍ မည်သို့မှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖွင့်ဟပြောဆိုခဲ့ရသော်လည်း ကာယကံရှင် မခင်စန္ဒာက ၎င်း၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article