နေပြည်တော်အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ယမန်နေ့ညပိုင်း ပေါက်ကွဲသံများကြားရ နေပြည်တော်မှ ပြည်သူများ အတည်ပြု
နေပြည်တော်အေလာလေတပ်စခန်းကို တော်လှန်ရေးတပ်များ စုပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Barve Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်လိုက်ပြီး နေပြည်တော်မှ ပြည်သူများကလည်း ယမန်နေ့ညပိုင်းပေါက်ကွဲသံများကြားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ်စခန်းကို ၁၀၇ မမရှော့ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Black Leopard (ကျားသစ်နက်)အဖွဲ့ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် အေလာ လေ တပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ကို အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
“ထိခိုက်နေရာနဲ့ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ဖို့ဆက်စုံစမ်းနေပါတယ်။ ထိခိုက်မှုအချို့ တော့ရှိတယ်လို့ ကနဦးသိရှိထားပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဆင်ရေးတွင် နယ်မြေလုံခြုံရေးတင်းကျပ်မှု၊ ရာသီဥတု အခြေအနေဆိုးဝါးမှုစသော အခက်အခဲများကြောင့် နေပြည်တော်လေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးသာ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်များသို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
“ဟုတ်တယ်။ မနေ့ညက အေလာလေတပ်ဘက်မှာ ပေါက်ကွဲသံတွေ ကြားရပါတယ်။ စုစုပေါင်း ၅ ချက်လောက်ကြားရတယ်။ ပေါက်ကွဲသံ။ ဘာတွေ ပေါက်ကွဲလဲမသိပေမယ့် အသံကတော့ တော်တော်များများ ကြားလိုက်ရပါတယ်” ဟု နေပြည်တော် အေလာလေတပ်အနီး ကျေးရွာတစ်ခုမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ဆင်ရေးတိုက်ခိုက်ရခြင်းမှာ ငလျင်ဘေးကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသများတွင် ပြည်သူများ ဒုက္ခပင်လယ်ဝေချိန် စစ်တပ်က ပြည်သူများကို လေကြောင်းမှ အဆင်မပြတ် ဗုံးကျဲ သတ်ဖြတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးချိန်မှစတင်ပြီး စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ရာချီ ရှိခဲ့ကြောင်း၊ ပြည်သူသေဆုံးမှုမှာလည်း ရာချီရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုတချို့ရှိခဲ့သော နေပြည်တော် အေလာ လေတပ်စခန်းကို အပျက်အစီးများကြားမှ ပြည်သူကို သတ်ဖြတ်ရန် ဆက်လက်အသုံးပြုနေသည့်အတွက် လေတပ်နှိမ်နင်းရေး BWM မစ်ရှင် ၃၃ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး မတ်လ ၃၀ ရက်နေ့ ထိုင်းကယ်ဆယ်ရေးလေယာဉ်ပေါ်မှ မြင်ရသည့် နေပြည် တော်အေလာလေတပ်စခန်းမှ တိုက်လေယာဉ်တချို့။
