သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးပြီး သေဆုံးသူများ ထပ်တိုးနိုင်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။
“သေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်။ ကျနော်တို့ ရှင်းလင်းရေး လုပ်နေတုန်းလေ ကလေး ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးတယ်။ ဆေးကုသမှု ခံယူနေတဲ့ ပြည်သူတွေ အခြေအနေကို ကျနော်တို့ ဆက်လက် စောင့်ကြည့်ရအုန်းမယ်” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။



