သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ ၂၄ ဦးထိ ရှိလာ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း သေဆုံးသူ ၂၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လက်ရှိချိန်ထိ ဆေးကုသမှု ခံယူနေသူများထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ ၁၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထိုကြောင့် သေဆုံးသူ ၂၄ ဦးထိရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဦးကျော်ရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်သည့် အတွက် သေဆုံးမှု အရေအတွက် ထပ်တိုးလာနိုင်ကြောင်း သိရသည်။
“ရေထွက်ကျေးရွာကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီး နဲ့ ဗုံး ၂ လုံးကျဲချသွားတာ နေအိမ် ၂၅ လုံး မီးလောင် ပြကျတယ်။ ဒဏ်ရာရသူကတော့ ၃၀ ဦးရှိတယ်။ သေဆုံးတာက ၂၄ ဦးထိ ရှိသွားပြီ” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


