သရက်ချောင်း၊ ရငဲရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ရငဲရွာကို ဗုံးကျဲ တိုက်ခိုက်တာပါ။ ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးတာလဲရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို ဧပြီလ ၁၈ ရက်နေ့တွင် တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိသည်။


