30 C
Yangon

ထိုင်းနိုင်ငံတွင် ခွင့်ပြုချက်မရှိဘဲ စာသင်မှုဖြင့် ထိုင်းစာသင်သည် မြန်မာဆရာမ ၁ ဦး၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သည့် ချင်းမိုင်စားသောက်ဆိုင်မှ မြန်မာ ၇ ဦးတို့ ဆက်တိုက်အဖမ်းခံရ

Must read

ထိုင်းနိုင်ငံတွင် ခွင့်ပြုချက်မရှိဘဲ စာသင်မှုဖြင့် ထိုင်းစာသင်သည် မြန်မာဆရာမ ၁ ဦး၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်သည့် ချင်းမိုင်စားသောက်ဆိုင်မှ မြန်မာ ၇ ဦးတို့ ဆက်တိုက်အဖမ်းခံရ

ရန်ကုန်| ဧပြီ ၂၀

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းများကို ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုများဖြင့် ထိုင်းအာဏာပိုင်များက ဆက်တိုက် ဖမ်းဆီးလျက်ရှိနေသည်။

မြန်မာရွှေ့ပြောင်းများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ လုပ်ကိုင်ခွင့်မရှိသော အလုပ်ကို လုပ်ကိုင်ခြင်း အပါအဝင် ဥပ‌ဒေအရ တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်ပါက နိုင်ငံခြားသားအလုပ်သမားရေးစီမံခန့်ခွဲရေးဆိုင်ရာ ဥပ‌ဒေဖြင့် အရေးယူနေပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ပို့များ လုပ်ဆောင်နေသည်။

ထိုင်းနိုင်ငံတွင် အွန်လိုင်း လူမှုကွန်ရက်ပေါ်မှ ထိုင်းဘာသာစကား အရေး၊ အဖတ် သင်ကြားပေးသည့် ရွှေ့ပြောင်း မြန်မာဆရာမတစ်ဦးကို ထိုင်းအာဏာပိုင်များ က ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင်တွင် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဆရာမနှင့် နီးစပ်သူများက ပြောသည်။

ဆရာမမှာ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေခြင်းဖြစ်၍ “အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ပြင်ပတွင် အလုပ်လုပ်ကိုင်ခြင်း” ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

အဆိုပါ မြန်မာဆရာမသည် အွန်လိုင်းချန်နယ်များမှတဆင့် အခြေခံ ထိုင်းဘာသာစကား သင်တန်းကို နှစ်လကြာ သတ်မှတ်ကာ ဘတ် ၁၅၀၀ ဖြင့် အဖွဲ့လိုက် Zoom စနစ်ဖြင့် ဖွင့်လှစ်ထားသင်ကြားပေးနေခြင်း ဖြစ်သည်။

အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက “ထိုင်းမှာက များသောအားဖြင့် လုပ်နေကြတာက ကိုယ်က သူများဆီကတစ်ဆင့် သင်ယူလေ့လာပြီး တခြားသူတွေကို ပြန်သင်ပေးတဲ့ ပုံစံနဲ့လုပ်ကြတယ်ပေါ့။ အဲ့လိုသင်တဲ့ အခါမှာ အခကြေး‌ငွေယူတယ်ဆိုရင်တော့ ထိုင်းဥပ‌ဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ ဥပ‌ဒေအရ နိုင်ငံခြားသား အလုပ်သမားရေး စီမံခန့်ခွဲရေးဆိုင်ရာ ဥပ‌ဒေထဲက တားမြစ်ထားတဲ့ အလုပ်လုပ်ကိုင်လို့ ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။ ဒဏ်‌ငွေက ထိုင်းဘတ် တစ်သောင်းကနေ တစ်သိန်းထိရှိပြီး ဖမ်းဆီးခံရသူရဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရနိုင်တယ်” ဟု ပြောသည်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးအနေဖြင့် ထိုင်းနိုင်ငံသားအလုပ်အကိုင်ကို ခိုးယူခြင်း၊ တရားမဝင် လုပ်လုပ်ကိုင်းခြင်း ကျူးလွန်နေမှုများကို ဥပဒေအရ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေပြီး ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် တားမြစ်ထားသည့် အလုပ်အကိုင်မှာ စုစုပေါင်း အလုပ်အမျိုးအစား ၄၀ ရှိပြီး လုံးဝလုပ်ကိုင်ခွင့်မရှိသော အလုပ်အကိုင် ၂၇ မျိုးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများတို့သည် အထောက်အထားမဲ့ အလုပ်လုပ်ခြင်းနှင့် လုပ်ကိုင်နိုင်သည့် အခွင့်အရေးကို ကျော်လွန်ပြီး အလုပ်လုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် (၅,၀၀၀ မှ ၅၀,၀၀၀) ပေးဆောင်ရမည်နှင့် ပြည်နှင်ဒဏ်ပါ ကျခံရမည်ဖြစ်သည်။

အလားတူ အလုပ်ရှင်အနေဖြင့် အထောက်အထားမဲ့ အလုပ်သမားကို ခန့်အပ်ခြင်းနှင့် လုပ်ကိုင်နိုင်ခွင့်ထက်ကျော်လွန်သော အလုပ်စေခိုင်းပါက အလုပ်သမားတစ်ဦးချင်းစီအတွက် ဒဏ်ငွေ ဘတ် (၁၀,၀၀၀ မှ ၁၀၀,၀၀၀) ပေးဆောင်ရမည် ဖြစ်သည်။

ထပ်မံမှု ပြစ်မှုကျူးလွန်ပါက ထောင် (၁) နှစ် ထက်မပိုသော ပြစ်ဒဏ်နှင့် ဒဏ်ငွေ ဘတ် (၅၀,၀၀၀ မှ ၂၀၀,၀၀၀) ပေးဆောင်ရမည်ဖြစ်ပြီးနောက် အလုပ်သမားခန့်အပ်ခွင့် (၃) နှစ် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့လယ်ရှိတရုတ်စားသောက်ဆိုင်တဆိုင်ကို ထိုင်းအာဏာပိုင်းများက ဝင်ရောက် စစ်ဆေးခဲ့ပြီး တရားမဝင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများက သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article