မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Loikaw Local PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် မိုင်းပွန်မြို့နယ် အခြေစိုက် ခမရ ၅၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် မောင်သန်းစိုးဦး အပါအဝင် ၂ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ လွိုင်ကော်မြို့နယ် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက် ခဲ့ကြောင်းသိရှိရသည်။
ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၂ ဦးသည် စစ်မှုထမ်း သင်တန်း အပတ်စဉ် ၅ နှင့် ၆ မှ သင်တန်းဆင်းများ ဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီးနောက် ရှောင်တစ်ခင် ဖမ်းဆီး ခံရကာ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် အလင်းဝင်ရောက် ခိုလှုံလာသော တပ်သားများကို လုံခြုံသောနေရာတွင် ထားရှိကာ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊ ယင်း စစ်မှုထမ်း တပ်သားသစ်များ၏ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များ ကို အလေးပေး ဆောင်ရွတ်သွားကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံ ပူးပေါင်းလာကြမည့် ပြည်သူ့စစ်မူထမ်းများ ၊ အရာရှိစစ်သည် ရဲဘော်များ၊ အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်းများကို လှိုက်လှိုက်လဲလဲ နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လုံခြုံစိတ်ချမှုနှင့် ၎င်းတို့၏ စိတ်ဆန္ဒအလေးထား၍ ကာကွယ်စောက်ရှောက်သွားမည်ဖြစ်ကြောင်း Loikaw Local PDF က အသိပေးနှိုးဆော်ထားသည်။
