သာယာဝတီတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်၊ မင်းလှတွင်လည်း စစ်တပ်က ကျေးရွာများကို စီးနင်းပြီး လူငယ် များကို လိုက်လံ ဖမ်းဆီးနေ
ရန်ကုန်၊ ဧပြီ ၂၂
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သင်္ကြန်တွင်း ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်း ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ သင်္ကြန်ကာလအတွင်း သာယာဝတီမြို့နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ လူငယ် ၄၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်များကို မြို့နယ် ထွေ/အုပ် ရုံးဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် မိသားစုဝင်များထံ အကြောင်းကြားခြင်းမရှိဘဲ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ ဖမ်းဆီးထားသော လူငယ်တချို့ကို စစ်တပ်က ပြန်လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် သိန်းဆယ်ချီ လိမ်လည် တောင်းခံခဲ့ကြောင်း သိရှိရသည်။
“သာယာဝတီမြို့နယ်ထဲက ကျေးရွာ၊ ရပ်ကွက်တွေမှာ အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းထားတဲ့ လူငယ် ၄၇ ဦးကို ဧပြီ ၁၉ ရက်နေ့ ညပိုင်း စစ်သင်တန်းကျောင်း ပို့ဆောင်ပါတယ်။ စစ်သင်တန်း သွားရမယ့် သတင်းကြားလို့ လာတွေ့ကြတဲ့ မိသားစုဝင်တွေကိုလည်း အတွေ့မခံဘဲ စစ်ကား ၃စီးဖြင့် အတင်းအကျပ် စစ်သင်တန်းကျောင်းကို ပို့လိုက်တာပါ” ဟု ဖမ်းဆီးခံ လူငယ် ၁ ဦး၏ မိသားစုဝင် ပြောဆိုသည်။
အလားတူ မင်းလှမြို့နယ်၊ ပက်တန်းကြီးကျေးရွာကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့ကြောင်း ၊ ယင်းနောက် ကျေးရွာအတွင်းမှ ကိုမျိုးမင်းဦး၊ ကိုရဲထက် နှင့် ကိုဝင်းအောင် တို့ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်ကလည်း မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာ အရှေ့ဘက်ထိပ်နှင့် ဗိုလ်ရုံကုန်းရွာ အနောက်ဘက်ထိပ်ရှိ ကားလမ်းကို ပိတ်ဆို့၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ထန်းပင်ကုန်းရွာမှ လူငယ် ၁ ဦး၊ ဗိုလ်ရုံကုန်းရွာမှ ကိုကိုနိုင်၊ ကိုငပြောင်ကြီး၊ ကိုလင်းလင်း၊ ဆင်တဲကုန်းရွာမှ ကိုဝေယံထက်၊ ကိုဖိုးချစ်၊ ဦးငြိမ်း၏ သား ဖြစ်သူ အပါအဝင် စုစုပေါင်း လူငယ် ၈ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ထို့အတူ မင်းလှမြို့နယ်၊ ပန်းတောကျေးရွာကိုလည်း ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ် တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကိုဖိုးဝဲ၊ ကိုဂျပန်ကြီး၊ ကိုမင်းမင်းအောင် နှင့် ကိုထွန်းထွန်းတို့ ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ပြင် ဆင်တဲကုန်းအုပ်စုအတွင်းရှိ ကရင်တစ်အိမ်ရွာ နှင့် မစိုးရိမ်ရွာအပါအဝင် အနီး အနား ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် လူငယ်များ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။
