30 C
Yangon

ရန်ကုန်-ပြည် လမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ရိုးမ အစပ်ရှိ ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ၊ မင်းလှမြို့ပေါ်တွင်လည်း စစ်တပ်က ခံစစ် ပြင်ဆင်ထား

Must read

ရန်ကုန်-ပြည် လမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ရိုးမ အစပ်ရှိ ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ၊ မင်းလှမြို့ပေါ်တွင်လည်း စစ်တပ်က ခံစစ် ပြင်ဆင်ထား

ရန်ကုန်၊ ဧပြီ ၂၂

ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ရိုးမ အစပ်ရှိ ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေပြီး မင်းလှမြို့ပေါ်တွင်လည်း စစ်တပ်က ခံစစ် ပြင်ဆင်ထားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ကျော်ခန့်မှ စတင်၍ မင်းလှမြို့နယ် အပိုင် ရန်ကုန်-ပြည် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲစတင် ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို မင်းလှ ဆေးရုံသို့ ပို့ဆောင်နေကြောင်း၊ မင်းလှဆေးရုံတွင်လည်း ပြင်ပ လူနာများကို ဆက်လက် လက်ခံခြင်းမရှိတော့ဘဲ ဒဏ်ရာရ စစ်သားများကိုသာ ဆေးကုသရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် အကြမ်းဖက် စစ်တပ်က မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဆက်တိုက် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်နေပြီး ရဟတ်ယာဉ်များလည်း ဆက်တိုက် ပျံဝဲနေခြင်းကြောင့် ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် မင်းလှမြို့ထဲ၌ ခံစစ်ပြင်ဆင်နေပြီး PDF တပ်ဖွဲ့များ မြို့လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း၊ မင်းလှမြို့ ရဲစခန်းရှေ့ကိုလည်း စစ်တပ်က ပိတ်ချလိုက်ပြီး ရဲစခန်း ခေါင်မိုးပေါ်ပါမကျန် သေနတ်များ ထောက်၍ အသင့်နေရာယူထားကြောင်း သိရှိရသည်။

“တိုက်ပွဲက ရန်ကုန်-ပြည် လမ်းပိုင်းမှာ ဖြစ်ပါတယ်။ စစ်ခွေးတွေ တော်တော် အထိနာတယ်။ အသေလည်းများတယ်။ ဒဏ်ရာရလည်း များတယ်။ မင်းလှဆေးရုံမှာ ဆူညံနေတာပဲ ဒဏ်ရာရစစ်ခွေးတွေ ဆက်တိုက်ကို ရောက်နေတာ အလောင်းတွေကော အများကြီးပဲ ဆေးရုံ လူပြည့်နေလို့ ပြည်ဘက်ကိုပါ လွှဲနေတယ်လို့ သိရတယ်။ မင်းလှမြို့ထဲမှာ စစ်ခွေးတွေက ခံစစ် ပြင်နေပြီး PDF တွေ လာတိုက်မယ်ဆိုပြီး သတင်းတွေက ပျံနေတော့ စစ်ခွေးတွေ မြို့ထဲမှာ ပွက်လောရိုက်နေတယ်။ မြို့အဝင်အထွက်ကိုလည်း ပိတ်ထားတယ်။ သူတို့ ရှိတဲ့နေရာတွေမှာ ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့်မပေးတော့ဘူး။ ရိုးမ အစပ်ကိုလည်း လေကြောင်း တိုက်ခိုက်မှုက ဆက်တိုက်ကို လုပ်ဆောင်နေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article