ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၉ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ် အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကွန်ဆိပ်ကျေးရွာကို ဧပြီလ ၂၀ ရက်နေ့ ၃ နာရီမှာ စကျဲတာ ဂျက်ဖိုက်တာ ဖြစ်လိမ့်မယ်ထင်တယ်။ ရော့ကတ်ကို တစ်ချက်ထဲပစ်တာ ၄ လုံးပေါ့။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီအတိုင်းလာရောက် ပစ်ခတ်သွားတာပါ။ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်က ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦး ကလေးရော မိခင်ပါ ဆုံးပါးသွားပါတယ်။ ကျန်တဲ့ နှစ်ယောက်က ၁၈ နှစ်အရွယ် လေးတွေပဲ ပြည်သူ ၇ ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


