စလင်းနှင့် ခန္တီး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၃ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင် ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ၂၅၃ ၊ ၂၅၄ ၊ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာခြင်းမရှိဘဲ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ထံ အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် အကြမ်းဖက် စစ်တပ်၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများဖြစ်ပြီး စစ်ကိုင်းနှင့် နေပြည်တော်တို့မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင်လည်း စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ခန္တီးမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် သေနတ် ၁ လက်နှင့် လက်နက် ခဲယမ်းများ ယူဆောင်လာပြီး ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီးခရိုင် အထူးတပ်ခွဲ) နှင့် နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF) ပူးပေါင်းမဟာမိတ်အဖွဲ့ထံသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး လွတ်မြောက် နယ်မြေတစ်နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

