စလင်းမြို့နယ်၊ ပန်းတောကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပန်းတောကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့တွင် စလင်းမြို့နယ်၊ ပန်းတောကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပန်းတောကြီးကျေးရွာတွင် နေထိုင်သော အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲစဉ် ကျေးရွာအတွင်းမှ စစ်ဘေးရှောင်ရန် ထွက်လာသော အသက် ၄ နှစ် မှ ၁၄ နှစ် အရွယ် ကလေးငယ် ၄ ဦး နှင့် မိခင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း သိရသည်။
“ပန်းတောကြီး ကျေးရွာထဲကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးတယ်။ အဲလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာထဲကနေ စစ်ဘေးရှောင်ဖို့ ထွက်လာတဲ့ အသက် ၄ နှစ်ကနေ ၁၄ နှစ် အရွယ် ကလေးငယ် ၄ ဦးနဲ့ မိခင်တွေလည်း ထိခိုက်ဒဏ်ရာရတယ်။ စုစုပေါင်း ဒဏ်ရာရတာ ၇ ဦးရှိတယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


